ANP ပါတီအနေဖြင့် အစိုးရဖွဲ့စည်းရန် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့တွင်လိုလားနေခြင်းမဟုတ်ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးတုံ့ပြန်

ANP ပါတီအနေဖြင့် အစိုးရဖွဲ့စည်းရန် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့တွင်လိုလားနေခြင်းမဟုတ်ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးတုံ့ပြန်

ဆောင်းဇာခြည်၊ သျှင်မင်းဇံ —၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ ပြုလုပ်ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ် အများဆုံးအနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အစိုးရဖွဲ့စည်းရန်လိုလားနေခြင်းမဟုတ်ဘဲ မိဘဘိုးဘွားများအမွေ ပေးထားခဲ့သည့် ရခိုင်ပြည်နယ်တွင်သာ အစိုးရဖြစ်ရန်လိုလားနေခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာကော်မတီဝင်၊ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်က ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၇ ရက်နေ့က စစ်တွေမြို့ရှိ ANP ပါတီ ဗဟိုရုံး၌ ရခိုင်မျိုးနွယ်စုများနှင့် ANP ပါတီတာဝန်ရှိသူတို့ တွေ့ဆုံအပြီး ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး သတင်းထောက်များက တွေ့ဆုံ မေးမြန်းစဉ် ဦးထွန်းအောင်ကျော်က ထိုသို့ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်နေရာမှာမှ အစိုးရဖွဲ့ချင်တာ မဟုတ်ဘူး။ ပဲခူးတိုင်းမှာ ဖွဲ့ချင်တာမဟုတ်ဘူး။ မန္တလေးမှာ အစိုးရလုပ်ချင်တာမဟုတ်ဘူး။ ရန်ကုန်တိုင်းမှာ လုပ်ချင်တာ မဟုတ်ဘူး။ကျွန်တော်တို့ရဲ့ မိဘ ဘိုးဘွားတွေ အမွေပေးထားခဲ့တဲ့ ဒီရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ အစိုးရဖြစ်ချင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်မွေးရပ်ဇာတိ၊ ကိုယ့်လူမျိုးပေါင်းစုံနေထိုင်တဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်ယူပြီးတော့ ကျွန်တော်တို့ ပါတီက ကိုယ့်လက်နဲ့ကိုယ် အလှဆင်ပေးချင်တဲ့ နိုင်ငံရေးစေတနာ အပြည့်ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ ရည်မှန်းချက်ပဲ။”

ဦးထွန်းအောင်ကျော်သည် ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာကော်မတီဝင်လည်းဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ၌ စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်နေရာကို အနို်င်ရထားသူလည်းဖြစ်သည်။

၎င်းက ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် တိုင်းရင်းသား အရေးကို စိတ်ရင်းစေတနာကောင်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိကြောင်း ဆက်လက်ပြောဆိုသည်။

“ကိုယ့်တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဖြေရှင်းဖို့ စေတနာထက်ထက်သန်သန်နဲ့ ရိုးသားဖြူစင်စွာ ဘာကန့်သတ်ချက်မှ မရှိဘဲ တကယ့်စိတ်ရင်းစေတနာကောင်းနဲ့ ဘယ်နည်းနဲ့မဆို ဒီအခက်ခဲတွေကို ဖြေရှင်းနိုင်မယ်လို့ ရခိုင်အမျိုးသားပါတီအနေနဲ့ လုံးဝခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်တွင် မဲအများဆုံးအနိုင်ရရှိထားသည့် ANP ပါတီအနေဖြင့် ပြည်နယ် အစိုးရ ဖွဲ့ခွင့်ရရှိသင့်သည်ဟုလည်း ရခိုင်မျိုးနွယ်စုဝင် ခေါင်းဆောင်များက ပြောဆိုသည်။

မရမာကြီးတိုင်းရင်းသားခေါင်းဆောင် ဦးမောင်နုက “ရခိုင်ပြည်နယ်မှာ အနိ်ုင်ရတဲ့ ရခိုင်အမျိုးသားပါတီကို အစိုးရဖွဲ့ခွင့်ပေးရမယ်။ ဒါမှ ရခိုင်မျိုးနွယ်စုတွေ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေး အခွင့်အရေးတွေ ပိုရလာမယ်။  အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားပါတီကို အစိုးရဖွဲ့ခွင့် ပေးကိုပေးရမယ်။ ရခိုင်ပါတီကို ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့ခွင့်ပေးပါ ” ဟု မီဒီယာများကို ပြောသည်။

ဇန်နဝါရီ ရက်နေ့က ပြုလုပ်ခဲ့သည့် ANP ခေါင်းဆောင်များနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဆွေးနွေးပွဲကို မရမာကြီး၊ မြို၊ ဒိုင်းနက်၊ ခမီနှင့် ကမန်အပြင် ဟိန္ဒူလူမျိုး စုစုပေါင်း ၃ဝ ဦးခန့်က တက်ရောက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ကမန်မျိုးနွယ်စုကိုယ်စားပြု တက်ရောက်ခဲ့သည့် ဒေါ်ခင်မျိုးညွှန့်က “ကျွန်မတို့က ရခိုင် တိုင်းရင်းသားမျိုးနွယ်စုတွေဆိုတော့ ရခိုင်လူမျိုးပါတီတစ်ခုကနေပြီးတော့ ပြည်နယ် အစိုးရဖွဲ့ခွင့်ရမယ်ဆိုလို့ရှိရင် ဒါကောင်းတာပေါ့နော်။ အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုလို့ရှိရင် အဓိကကတော့ တိုင်းရင်းသားလူမျိုးစုတွေ အကုန်လုံးက ပူးပေါင်းပြီးတော့ ရခိုင်ပြည်နယ်ရဲ့ အရေးကိုပါဝင်ပြီးတော့ လုပ်ဆောင်နိုင်အောင် အခွင့်ရေးတွေလည်း တန်းတူရရှိလာလိမ့်မယ်လို့ အဲလိုမျိုး မျှော်မှန်းတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ဆွေးနွေးပွဲတွင် ကမန်မျိုးနွယ်စုများအနေဖြင့် အဓိက ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု သူမက ပြောဆိုသည်။

တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များ ခံစားနေကြရသည့် ပြဿနာများ၊ လက်ရှိ ရခိုင်ပြည်နယ်၏ အခြေနေများ၊ ရခိုင်ပြည်နယ်

ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်တွင် အစိုးရဖွဲ့ခွင့်ရခဲ့လျှင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ ပညာရေး တိုးတက်ပြောင်းလဲမှုများနှင့် နယ်မြေဒေသ ဖွံ့ဖြိုးရေးတို့အတွက် ယင်းပါတီက လုပ်ဆောင် ပေးနိုင်လိမ်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များက ပြောဆိုသည်ဟု သိရသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတုန်းက ယင်းအချိန်က ရခိုင်တိုင်းရင်းသား များတိုးတက်ရေး ပါတီ (RNDP) မှ ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာအများစု အနိုင်ရရှိခဲ့သော်လည်း ပြည်နယ်အစိုးရကို ဖွဲ့စည်းခွင့်မရခဲ့သလို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ရခိုင်အမျိုးသားပါတီ (ANP) က လွှတ်တော် ကိုယ်စားလှယ်နေရာအများစုကို ရခိုင်တွင်် အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့စည်းခွင့် မရရှိခဲ့ပေ။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင်လည်း ရခိုင်အမျိုးသားပါတီသည် ကျင်းပခဲ့သည့် မြို့နယ် ၈ ခုတွင်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ နေရာဖြင့် အများဆုံး အနိုင်ရရှိထားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...