နှစ်ဖက်ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးချိန်တွင် မိုင်းရှင်းလင်းရေးအစီအစဉ်များလုပ်လာနိုင်ဟု ရခိုင်နယ်လုံဝန်ကြီးပြော

နှစ်ဖက်ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးချိန်တွင် မိုင်းရှင်းလင်းရေးအစီအစဉ်များလုပ်လာနိုင်ဟု ရခိုင်နယ်လုံဝန်ကြီးပြော

အိမ်စိုးဖြူ — နှစ်ဖက်ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးသည့်အချိန်တွင် မိုင်းရှင်းလင်းရေးအစီအစဉ်များလုပ်လာနိုင်သဖြင့် လက်ရှိအချိန်တွင် ဒေသခံပြည်သူများအနေဖြင့် မိုင်းရှိနိုင်မည့်နေရာများသို့ မသွားကြရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“မိုင်းတွေက ရှိနေပြီကို။ မသွားသင့်တဲ့နေရာတွေကို မသွားတာကောင်းတာပေါ့။ နှစ်ဖက် လက်မှတ် ထိုးပြီးသွားပြီ၊ ငြိမ်းချမ်းရေးလိုဟာမျိုးဖြစ်လို့ရှိရင် မိုင်းရှင်းတဲ့အစီစဉ်တွေ သူတို့ လုပ်လာမှာလေ။ အဲဒါတွေက တပ်ကလည်း လုပ်ပေးတာရှိတယ်။ ICRC တို့လိုအဖွဲ့တွေကလည်း လာလုပ်ပေးတာရှိတယ်။ တို့ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ လုပ်နေတာရှိတယ်လေ။ တို့ဆီမှာတော့ အဲဒီအဆင့်ကို မရောက်သေးဘူးပေါ့။ သူတို့ နှစ်ဖက်သဘောတူပြီးသွားပြီဆိုရင်တော့ အဲဒီအဆင့်တွေ ပြန်လာမှာပေါ့” ဟုပြောသည်။

၄င်းတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး (လူကယ်ပြန်) တို့မှ မိုင်းအသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးနေကြောင်း ဝန်ကြီးက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲ ၂ နှစ်တာကာလ အတွင်း မြေမြုပ်မိုင်း ပေါက်ကွဲ၍ အရပ်သားများ သေဆုံး ဒဏ်ရာ ရရှိမှု များပြားလာနေပြီး လက်ရှိ အချိန်ထိ မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းမီးကျောက်များ ပေါက်ကွဲ၍ သေဆုံးသူ ၃၃ ဦး၊ ဒဏ်ရာရရှိသူ ရဝ နီးပါးရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် မိုင်းအန္တရာယ်သည် တိုက်ပွဲများ ရပ်တန့်သွားပြီးနောက် ဆယ်စုနှစ်အထိ ပြည်သူများအား ခြောက်လှန့်နေမည့် ကိစ္စဖြစ်ကြောင်း၊ အစိုးရနှင့် ICRC စသည့်အဖွဲများမှ သေချာစွာကိုင်တွယ်ဖြေရှင်းပါမှ သေဆုံး၊ ဒဏ်ရာရရှိခြင်းများမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း စစ်တွေဆေးရုံရောက် စစ်ဘေးသင့် လူနာများ ကူညီ စောင့်ရှောက်ရေး လုပ်နေသည့် ဦးသန်းထွန်းကပြောသည်။

“မြေမြုပ်မိုင်းအန္တရာယ်တွေဟာ နောက်ဆယ်စုနှစ်အထိ ကြာအောင် ရခိုင်တွေကို ဒုက္ခပေးနေမယ်။ အရပ်သူ အရပ်သားတွေကို ဒုက္ခပေးနေမယ်။ ဒီကိစ္စကို အစိုးရအပါအဝင်လူမှုဝန်ထမ်းအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ICRC တို့စုပေါင်းပြီး လုပ်ဆောင်မှ ဖြေရှင်းနိုင်မယ်။ မိုင်းရှင်းလင်းရေးတွေကို အမြန်ဆုံးလုပ်စေချင်တယ်၊ အဲဒါမှ စိတ်မချမ်းသာဖွယ်ဖြစ်ရပ်ဆိုးတွေ နည်းလာမယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြေမြုပ်မိုင်း အန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးမှု အားနည်းနေသည်ဟု ဦးသန်းထွန်းက ဆက်လက် ပြောဆိုသည်။

“ရွာတွေမှာလည်း မိုင်းအန္တရာယ်အသိပညာပေးတွေ ထပ်ခါထပ်ခါ ပြုလုပ်ပေးစေချင်တယ်။ အခု လုပ်ပေးတယ်လို့တော့ ကျွန်တော်မကြားမိသေးဘူး။ ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါတယ်။ လုပ်ပေးချင်လည်း လုပ်ပေးပါလိမ့်မယ်” ဟုပြောသည်။

လတ်တလောတွင် ဇန်နဝါရီ ၄ ရက်၊ နေ့လယ်၁၂ နာရီခန့်က ရခိုင်ပြည်နယ်၊ ကျော်တော်မြို့နယ် ခပေါ် ကျေးရွာမှ အသက်(၅၃)နှစ်အရွယ် မြိုတိုင်းရင်းသူ ဒေါ်ခင်မေစံမှာ မြေမြုပ်မိုင်းနင်းမိပြီး သူမ၏ မျက်လုံး နှစ်လုံးကို ဖောက်ထုတ်လိုက်ရပြီး၊ လက်ရှိလည်ပင်းတွင် အပေါက်ဖောက်ထားရကာ၊ ညာဖက် ခြေဒူးဆစ် အောက်ဖက်မှ ဖြတ်ခဲ့ရသည်။ လက်ရှိတွင် သူမမှာစစ်တွေဆေးရုံ၌ အရေးပေါ်ဆေးကုသမှုခံယူနေရသည်။

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...