ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန်တောင်းဆိုသည့် လှုပ်ရှားမှု အမ်းမြို့နယ်တွင်ပေါ်ပေါက်၊ တစ်စုံတစ်ရာဆောင်ရွက်မှုမရှိပါက လူထုလှုပ်ရှားမှုပြုလုပ်မည်ဟုဆို

ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန်တောင်းဆိုသည့် လှုပ်ရှားမှု အမ်းမြို့နယ်တွင်ပေါ်ပေါက်၊ တစ်စုံတစ်ရာဆောင်ရွက်မှုမရှိပါက လူထုလှုပ်ရှားမှုပြုလုပ်မည်ဟုဆို

ထွန်းခိုင် — အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ရခိုင်စာရေးဆရာဝေဟင်အောင် အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးသမားများအား ခြွင်းချက်မရှိပြန်လွှတ်ပေးရန် အမ်းမြို့နယ် ကျေးရွာပေါင်း ၃ဝ ကျော်နှင့် မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားသော နေရာများတွင် စတေကာများကိုကပ်ကာ ကမ်ပိန်းလှုပ်ရှားမှုကို ဇန်နဝါရီ ၆ ရက်နေ့ ညအချိန်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စတေကာစာရွက် ၅ဝဝ ကျော်အထိ ကပ်ပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း အမ်းမြို့နယ်မှ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။

“ ယခုတောင်းဆိုတာဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စော်ကားတာမဟုတ်ဘူး။ ရခိုင်ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် သူတို့ကို လွှတ်ပေးဖို့လိုအပ်တဲ့အတွက် တောင်းဆိုမှု ပြုလုပ်ရခြင်း ဖြစ်တယ်။ အစိုးရ၊ တပ်မတော်အနေနဲ့ ဒီတောင်းဆိုမှုကို တစ်စုံတရာအရေးယူဆောင်ရွက်မှုမရှိခဲ့ရင် ရခိုင်ပြည်နယ်က တခြားမြို့နယ်တွေက လူထုတွေနဲ့ပူးပေါင်းပြီး နည်းမျိုးစုံနဲ့ သူတို့လွတ်မြောက်ရေးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင် အပါအဝင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် ဖမ်းဆီးခံရထားသော သူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်ကိုလည်း တောင်းဆိုသည်ဟု ၎င်းကပြောသည်။

“ အဓိကတော့ အမ်းပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ဒေါက်တာအေးမောင်ဖမ်းဆီးခံရတဲ့အပေါ်မှာ ကျနော်တို့ အမ်းပြည်သူတွေက အကျဉ်းကျခံနေရတဲ့ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်အပါအဝင် နိုင်ငံရေးအကျည်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ဟာကို ကျနော်တို့ တောင်းဆိုတယ်” ဟု ပြောသည်။

မြန်မာပြည်အနှံ့အပြားနှင့် ရခိုင်ပြည်နယ် အနှံ့အပြားမှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသားများကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“ နောက်ပြီးတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ နောက် မြန်မာပြည်အနှံ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအတွက် အမှုရင်ဆိုင်နေရတဲ့ ကျောင်းသူ/ ကျောင်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့နဲ့ ရခိုင်ပြည်နယ် အနှံ့များမှာ ပုဒ်မတွေအမျိုးမျိုးတပ်ပြီးတော့ ရခိုင်ပြည်သူလူထုတွေကို ဖမ်းဆီး ထိန်းသိမ်း ထားတာတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ဟာတွေကို ကျနော်တို့ တောင်းဆိုတာ ဖြစ်တယ်” ဟုပြောသည်။

ယမန်နေ့က ပြုလုပ်သော လှုပ်ရှားမှုအတွင်း တောင်းဆိုချက်လေးချက်ပါကြောင်း သိရှိရသည်။

အဆိုပါတောင်းဆိုချက်များမှာ “မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်တို့က ဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချ ခံနေရသော ဒေါက်တာအေးမောင် ကိုဝေဟင်အောင်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရေး။ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသော တက်ကြွ လှုပ်ရှား သူများအား ခြွင်းချက်မရှိ လွှတ်ပေးရေး။ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုဖြင့် မြန်မာပြည်အနှံ အမှုရင်ဆိုင်နေရသော ကျောင်း/သူများအား ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် ရခိုင်ပြည်အနှံ့ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်း ခံနေရသော ရခိုင်ပြည်သူများအား ခြွင်းချက်မရှိ လွှတ်ပေးရေး” တို့ ဖြစ်ကြသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...