NLD ကိုယ်စားလှယ်နှင့် မွန်ညီညွတ်ရေးပါတီတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့်နေရာ သဘောတူညီမှုမရသေး

NLD ကိုယ်စားလှယ်နှင့် မွန်ညီညွတ်ရေးပါတီတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့်နေရာ သဘောတူညီမှုမရသေး
ကချင်ပြည်နယ် ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်များနှင့် NLD ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်(RFA)
ကချင်ပြည်နယ် ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်များနှင့် NLD ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်(RFA)

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ညီညွတ်ပါတီ MUP တို့ မနက်ဖြန်ဇန်နဝါရီ ၄ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့်နေရာအတွက် သဘောတူညီမှုမရသေးကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက “ကျနော်တို့ MUP ရုံးမှာ ဒါမှမဟုတ်ရင် ကြားနေရာတစ်ခုခုမှာ တွေ့ဆုံကြဖို့ ကျနော်တို့ပြောထားပါတယ်၊ NLD ပြည်နယ်ရုံးမှာ ကျနော်တို့သွားတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဘယ်မှာတွေ့မှာကို အခုမနက်အထိ သူတို့အကြောင်းမပြန်သေးပါဘူး”ဟု ဆိုသည်။  

ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မော်လမြိုင်မြိုင်မြို့ရှိ NLD ပါတီ မွန်ပြည်နယ်ရုံး၌ နှစ်ဖက်တွေ့ဆုံကြရန် NLD မှ အကြောင်းကြားလာသည်ဟု ဆိုသည်။

“ကျနော်တို့အနေနဲ့ ပါတီအချင်းချင်းပဲ တွေ့ဆုံပါမယ် ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေအနနဲ့ တွေ့ဆုံဖို့ဆိုတာကို ကျနော်တို့လက်မခံပါဘူး၊ ပါတီနဲ့ပါတီတွေ့ဖို့ ကျနော်တို့ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဖို့သူတို့လက်ခံပါတယ်” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့  တွေ့ဆုံမည့်အခြေအနေနှင့်ပတ်သက်၍ NLD ပါတီအား မွန်သတင်းအေဂျင်စီမှ ဆက်သွယ်၍မရသေးပေ။

အလားတူ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများဖြစ်သော လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊၊ ဒီမိုကရေစီပါတီသစ် (ကချင်)တို့မှ အနိုင်ရကိုယ်စားလှယ်များနှင့် မြစ်ကြီးနားမြို့ NLD ပါတီ ပြည်နယ်ရုံး၌ ဇန်နဝါရီ (၁) ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲ အနိုင်ရ  ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက “ကျွန်တော်တို့ ဖက်ဒရယ်မူကို သွားနေတဲ့ အချိန်အခါဖြစ်တဲ့အတွက် ဥပဒေပြုု အုပ်ချုပ်မှု နဲ့ တရားစီရင်မှု မဏ္ဍိုင်သုံးရပ် ရှိတဲ့တာကို ခွဲဝေဖို့၊ အဓိကကတော့ ဗဟိုနဲ့ ပြည်နယ်ကြားမှာ ဥပဒေပြု အာဏာနဲ့ အုပ်ချုပ်မှုအာဏာကို ခွဲဝေဖို့ လိုအပ်တယ်ပေါ့။ ဒီနှစ်ခုကို check and balance လုပ်ဖို့ လိုအပ်တယ်။ ဒါကြောင့်မို့ တာဝန်ခွဲအပ်တဲ့ နေရာမှာ ဥပဒေပြု အာဏာ နဲ့ ပက်သက်လို့ လွှတ်တော် ဥက္ကဋ္ဌ၊ အုပ်ချုပ်မှုနေရာမှာ ပြည်နယ် ဝန်ကြီးချုပ် အဲဒီ နေရာတွေကို တစ်ပါတီထဲက ယူလိုက်တာမျိုး မဟုတ်ပဲနဲ့ ပါတီခွဲပြီး ခန့်နိုင်ရင် အကောင်းဆုံးဖြစ်မယ်။ အဲဒါတွေ တင်ပြခဲ့တယ်”ဟု RFA သတင်းဌာနက ဖော်ပြသည်။

တိုင်းရင်းသားပါတီများနှင့်ဆွေးနွေးရန် ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ ပါဝင်သည့် ၃ ဦး ကော်မတီအဖွဲ့ကို NLD ဗဟိုက ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ သဘောထားကို အရင်နားထောင်မည်ဖြစ်ပြီး ညှိုနှိုင်း၍ ရသည့်နေရာများတွင် ညှိနှိုင်းပြီး ဘုံသဘောထား ရရှိအောင်လုပ်၍ NLD ပါတီ ဗဟို အလုပ်မှုဆောင် အစည်းအဝေးတွင် အတည်ပြုပေးမည်ဖြစ်ကြောင်း၊ NLD အစိုးရ အဖွဲ့ သစ်တွင် ပါဝင်မည့်သူများကို ရွေးချယ်ရာတွင် အဖွဲ့ချုပ်၏ မူဝါဒများကို လိုက်နာနိုင်သူ၊ ပြည်သူက လက်ခံနိုင်သူ ကိုယ်တိုင် အရည်အသွေး ထက်မြက်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...