အောင်ပွဲနှင့် အတူ ပြန်လာသည့် ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား လမ်းခရီးတစ်လျှောက် ပြည်သူများမှ သောင်းသောင်းဖြဖြကြိုဆို

အောင်ပွဲနှင့် အတူ ပြန်လာသည့် ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား လမ်းခရီးတစ်လျှောက် ပြည်သူများမှ သောင်းသောင်းဖြဖြကြိုဆို
by -
နိရဥ္စရာ
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ အမ်းမှ စစ်တွေသို့ ဧပြီလ ၃ ရက်နေ့က ပြန်လာရာ လမ်းခရီး တစ်လျှောက်တွင် ပြည်သူများ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

“ကျွန်တော်တို့ မင်းပြားမြို့နယ်က ပါတီဝင်တွေနဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ၁၀၀ ကျော်ထဲမှာ တချို့က ရခိုင်ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး ရခိုင်စည်တီးပြီးတော့ မင်းပြားမြို့နယ် ရာမောင်တံတားထိပ်မှာ နံနက် ၉ နာရီ ကျော်မှာ ကြိုဆိုခဲ့ကြပါတယ်”ဟု ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းစံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းသို့ ကြိုဆိုရာတွင် မင်းပြားမြို့ပေါ်မှ ပြည်သူများအပြင် ငါးစင်ရိုင်းချောင်း၊ အမ်းသားရွာ၊ သေကန်ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသူကျောင်းသားများလည်း လမ်းခရီး တစ်လျှောက်ကြိုဆိုခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့ လက်ခံကြိုဆိုပြီး မင်းပြားမြို့ကို တစ်ပတ်ပတ်ကာ ပါတီရုံးတွင် ၅ မိနစ်ခန့် အနားယူပြီး ပြန်လည် ခရီးဆက်သွားသည်ဟု သိရသည်။

“ကျွန်တော်တို့ အနေနဲ့ ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ ဒေါက်တာအေးမောင်ဟာ အမ်းပြည် သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို မဲအပြတ်အသတ်နိုင်တဲ့အတွက် မင်းပြားသူ မင်းပြားသား၊ ရခိုင်သူ ရခိုင်သားတွေက ဒေါက်တာအေးမောင်ကို ချီးကျူးထောပနာ ပြုပြီးတော့ ၀မ်းသာမှုကို ပြသမှုအနေနဲ့ ကြိုဆိုရခြင်းဖြစ်ပါတယ်”ဟု ဦးသိန်းစံက ပြောသည်။

ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ အိမ်ပြန် လမ်းတလျှောက် ကြိုဆိုရာတွင် မြောက်ဦးမြို့၊ မြောင်းဘွေ အပါအဝင် ပေါက်တောပြင်ကျေးရွာတွင် ၅၀၀ ခန့်၊ တိမ်ညိုကျေးရွာတွင် ၄၀၀ ခန့်နှင့် ကျောက်တော်မဟာမြတ်မုနိတွင် ၃၀၀ ခန့်ကြိုဆိုခဲ့ကြသည်။

၎င်းပြင် ယိုးတရုပ်ကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့ပေါ် တို့မှလည်း ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

ဒေါက်တာ အေးမောင်မှလည်း သူအောင်ပွဲရခဲ့ခြင်းနှင့် ပတ်သက်ပြီး လူထုအား ရှင်းလင်း ပြောကြားခဲ့သလို ရခိုင်အမျိုးသားများ၏ ညီညွတ်ရေး အရေးကြီးပုံနှင့် အမ်းမြို့နယ်ရွေးကောက်ပွဲ အောင်ပွဲသည် ရခိုင်တစ်ပြည်နယ်လုံးကို ရခိုင်အမျိုးသားပါတီမှ လွှမ်းနိုင်ရန် အစပြု အောင်ပွဲ ဖြစ်ကြောင်း၊ အမ်းလူထု၏ နိုင်ငံရေး နိုးကြား တက်ကြွမှုကြောင်း ယခုလို အောင်ပွဲဆင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...