နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဆရာတော် ဦးစိန္တာဂုဏ်ပြုပွဲ အထူးစည်ကား သိုက်မြိုက်စွာကျင်းပမည်

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဆရာတော် ဦးစိန္တာဂုဏ်ပြုပွဲ အထူးစည်ကား သိုက်မြိုက်စွာကျင်းပမည်
by -
နိရဥ္စရာ
ရခိုင်အာဇာနည် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဆရာတော် ဦးစိန္တာဂုဏ်ပြုပွဲကို ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြာအင်းတောင် ကျေးရွာတွင် ၂၀၁၇ ခုနှစ် ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် အထူးစည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဟု သိရသည်။

၎င်းအခမ်းအနားကို ကြာအင်းတောင် တိုက်နယ်သူ တိုက်နယ်သားများနှင့် ၈၈ မျိုးဆက် ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့မှ ပူးပေါင်းပြီး ကျင်းပသွားမည်ဟု သိရသည်။

“ ဆရာတော်ကြီးက ရခိုင်ပြည်မှာ နာမည်ကြီး တော်လှန်ရေး ခေါင်းဆောင် ဆရာတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့ကို တော်လှန်ရာမှ ရခိုင်ပြည်က အဓိက ခေါင်းဆောင်နေရာက ပါ၀င်ခဲ့တဲ့ ဆရာတော်ကြီးပါ။ ဒါ့အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ ၁၉၄၆ ခုနှစ်က ရခိုင်ပြည်မှာ ပြုလုပ်ခဲ့တဲ့ သမိုင်းဝင် ကြာအင်းတောင် လူထု ညီလာခံကို ဦးဆောင်ဦးရွက်ပြု ကျင်းပခဲ့တဲ့ ဆရာတော်ကြီးလည်း ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ သမိုင်းမှာ ထွန်းပြောင်ခဲ့တဲ့ တကယ့် မျိုးချစ် ဆရာတော်ကြီး တစ်ပါးဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် မေ့ပျောက်ခံနေရပါတယ်။ ဒါကြောင့် ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးကို ဖော်ထုတ်လိုတဲ့ အတွက်ကြောင့် ဒီပွဲကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ၈၈ မျိုးဆက် ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့အထွေထွေ အတွင်းရေးမှူး ဦးခိုင်ဆန်းအောင်မှ ပြောကြားသည်။

အခမ်းအနားကို ကြာအင်းတောင် လူထုညီလာခံကျင်းပသည့် ကွင်းပြင်တွင် ကျင်ပမည် ဖြစ်ရာ အခမ်းအနားသို့ ဆရာတော်များ၊ နိုင်ငံရေး ပါတီများ၊ ရခိုင်တော်လှန်ရေးတွင် ပါ၀င်ခဲ့ကြသည့် လူကြီးများ၊ လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ စာရေးဆရာများ၊ တစ်မြို့နယ် ကိုယ်စား၂ ဦးကျစီနှင့် တစ်ခြား သင့်တော်သော လူပုဂ္ဂိုလ်များအားလည်း ဖိတ်ကြားထားကြောင်း သိရသည်။

ဆရာတော် ဦးစိန္တာဂုဏ်ပြု ပူဇော်ပွဲတွင် စင်တင်တေးဂီတဖြေဖျော်ပွဲ၊ ဇာတ်ပွဲများဖြင့် ၂ ညတိုင် တိုင် ဖြေဖျော်သွားမည် ဖြစ်ရာ စင်တင်တေးဂီတ ဖြေဖျော်ပွဲတွင် ပါ၀င်ဖြေဖျော်ကြမည့် ရခိုင်အဆိုတော်များမှာ မြတ်ခိုင်ကျော်၊ ၀င်းကိုခိုင်၊ ညီမင်းခိုင်၊ L ကိုလင်း၊ ညှာစိမ်းခိုင်၊ မိချော၊ ဒိုးကလေး၊ ပန်းအိနွယ်တို့ ဖြစ်ကြသည်။ ညလုံးပေါက် ဖြေဖျော်မည့် ဇာတ်သဘင်အဖွဲ့မှာ ၀င်းရွှေဇင် ဇာတ်အဖွဲ့ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီ အသီးသီးမှာ ထိပ်တန်းခေါင်းဆောင်များ၊ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း၊ စာရေးဆရာ မောင်ခိုင်အောင်( စစ်တွေ) အပါအဝင် ဆရာတော်ကြီးအား လေးစားကြည်ညိုသူ အများအပြား တက်ရောက်ကြမည်ဟု သတင်း ရရှိသည်

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...