စစ်ဘေးရှောင်အမျိုးသမီးများလုံခြုံရေးအတွက် လွှတ်တော်အမတ်များနှင့် အရပ်ဖက်အဖွဲ့များမှ တွန်းအား ပေးသွားမည်

စစ်ဘေးရှောင်အမျိုးသမီးများလုံခြုံရေးအတွက် လွှတ်တော်အမတ်များနှင့် အရပ်ဖက်အဖွဲ့များမှ တွန်းအား ပေးသွားမည်

မင်းထွန်း — စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသူများအထဲ၌ အမျိုးသမီးအများစုပါဝင်နေခြင်းကြောင်း ၎င်းတို့၏ဘဝ လုံခြုံရေးအတွက်ကို ရခိုင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး အစိုးရကို တွန်အားပေးမည်ဖြစ်ကြောင်း ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲရလာဒ်အရ အနိုင်ရရှိထားသည့် ရခိုင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအား စစ်ဘေးရှောင်အမျိုးသမီးများအရေးနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်းမှလုပ်ဆောင်ပေးရန် တိုက်တွန်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကဆိုသည်။

“စစ်ဘေးရှောင်တွေမှာ အမျိုးသမီးတွေကအဓိကများနေတယ်ဆိုတော့ သူတို့တွေအတွက် ဘာတွေ လုပ်ထားပြီလဲ၊ ဘာတွေလုပ်ပေးသွားဖို့ ရည်မှန်းထားလဲဆိုတာတွေကို အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တွေကို တွန်းတွန်းတိုက်တိုက်ပြောသွားမယ်။ လိုအပ်ချက်တွေကိုလည်း သူတို့ကိုပြောသွားမယ်” ဟု ၎င်းကပြောသည်။

လက်ရှိရွေးကောက်ပွဲရလာဒ်အရ ရခိုင်ပြည်အတွင်းတွင်အနိုင်ရရှိသည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များမှာ ပြည်နယ်လွှတ်တော်၌ ၂ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၁ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁ ဦး စုစုပေါင်း ၄ ဦးရှိသည်။ ထို့ကြောင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၄ ဦးသာ တတိယအကြိမ်လွှတ်တော် တက်ရောက်ခွင့်ရှိမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း ဒီဇင်ဘာ ၃ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ထုတ်ပြန်ထားပြီး ယင်းအထဲတွင် အမျိုးသမီး စစ်ဘေးဒုက္ခသည် ၆၀ ရာခိုင်နှုန်းကျော်ခန့်ပါဝင်ကြောင်း REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။

“အဲဒီအမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးတွေက အင်မတန်အခက်အခဲရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့မှာနေရာတွေကျဉ်းကျဉ်းကျပ်ကျပ်နဲ့နေထိုင်ရတာ၊ နောက်အိမ်သာတက်၊ ရေချိုးတာ တွေမှာ လုံခြုံတဲ့အကာအရံတွေမရှိဘူး။ နောက်မိသားစုစားဝတ်နေရေး ထောက်ပံ့မှုတွေ မပြည့်စုံတာနဲ့ တချို့ အမျိုးသမီးတွေ ဟင်းရှာ၊ငါးရှာနေရတာတွေရှိတယ်။ အဲလိုသွားတဲ့အခါလည်း သူတို့ရဲ့လုံခြုံမှုဆိုင်ရာ၊ နောက်မိုင်းအန္တရာယ်တွေလည်းရှိတယ်” ဟု သူကဆိုသည်။

ယင်းအပြင် အမျိုးသမီးစစ်ဘေးရှောင်များမှာ သူတို့၏ တစ်ကိုယ်ရေကျန်းမာရေး၊ နေထိုင်ရေး၊ လုံခြုံရေးကိစ္စ များကို စိုးရိမ်နေရသလို အမျိုးသမီးနှင့်ပတ်သက်သည့် အသုံးအဆောင်ပစ္စည်များလိုအပ်နေကြောင်း ကျောက်တော်မြို့နယ် ညောင်းချောင်းစစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် စစ်ဘေးရှောင်ဒေါ်လှလှချေက ပြောသည်။

“အမျိုးသားတွေနဲ့တန်းတူ စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်ရတယ်ဆိုတော့ လုံခြုံမှုမရှိသလိုခံစားရတယ်။ အခုဆိုရင်လည်း ဆောင်းရာသီရောက်နေပြီဆိုတော့ အနွေးထည်တွေလိုအပ်တယ်၊ နောက်အမျိုးသမီး အသုံး အဆောင်ပစ္စည်းတွေလိုအပ်နေတယ်” ဟု သူကပြောသည်။

ယင်းကဲ့သို့ စစ်ဘေးရှောင်အမျိုးသမီးများ၏ အခက်အခဲများ၊ ဆုံးရှုံးနစ်နာခြင်းများကို လာမည့်တတိယအကြိမ် လွှတ်တော်တွင် အဓိကလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲရလာဒ်အရ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ အနိုင်ရရှိထားသည့် ဒေါ်ခင်မျိုးယဉ်က ပြောသည်။

“အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ လက်ရှိစစ်ရေးပဋိပက္ခကြောင့် ဆုံးရှုံးနစ်နာနေတာတွေကို အဓိကဦးစားပေး လုပ်ဆောင်ရမယ်လို့ယူဆတယ်။ နောက်ယိုင်လဲပျက်စီးနေတဲ့ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးချိုးဖောက် ခံရမှုတွေ၊ လိင်အကြမ်းဖက်ဆက်ဆံခံရတာတွေကို တင်ပြသွားမယ်။ အမျိုးသမီးအရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် အမျိုးသမီးများ၏လုံခြုံရေး၊ အမျိုးသမီးများ လိင်အကြမ်းဖက်ဆက်ဆံခံရမှုများ စသည့် အမျိုးသမီး များ၏အခွင့်အရေးကိုကာကွယ်နိုင်မည့် ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်အောင် လွှတ်တော်ထဲတွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသမီးများ၏လုံခြုံရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးစသည့်ကိစ္စရပ်များကို ပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်များတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် ရခိုင်အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ဆိုသည်။

“ဒီအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပုံမှန်ဆက်စပ်ဆက်သွယ်မှုတွေလုပ်ပြီးတော့ အထူးသဖြင့် အမျိုးသမီးနဲ့သက်ဆိုင်တဲ့ အမျိုးသမီးရဲ့လုံခြုံရေး၊ အမျိုးသမီးငြိမ်းချမ်းရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိထိရောက်ရောက်ဆောင်ရွက်သွားနိုင်ဖို့အတွက်ကို ဆက်စပ်ဆက်သွယ်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားဖို့ကိစ္စတွေကိုလည်း စဉ်းစားနေတာရှိတယ်” ဟု သူကဆိုသည်။

ယင်းအပြင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ ပြည့်လာရေးအတွက် လိုအပ်လာလျှင် ပံ့ပိုးကူညီနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စောစံငြိမ်းသူက ပြောသည်။

လက်ရှိတွင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသည့် ရခိုင်အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများနှင့် အနိုင်ရရှိထားသည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသမီးအခွင့်အရေးအပါအဝင် ဘေးကင်းလုံခြုံရေး စသည့်အချက်များကို ဖုန်း၊အွန်လိုင်းတို့မှတစ်ဆင့် ပူးပေါင်းဆွေးနွေးခြင်းများ လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

Most read this week

April 24, 2024
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီ...
April 24, 2024
မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာရှိ စစ်ကောင်စီက နေရာပြောင်းရွှေ့ခိုင်းထားသော ငှက်ပျောတောနှင့်...
ဓာတ်ပုံ - Bangladesh Embassy Yangon in Myanmar
April 24, 2024
ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို...
ဓာတ်ပုံ - APM
April 24, 2024
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာ အရှေ့ဘက်ရှိ စစ်ကောင်စီ၏ ပွိုင့် ၂၅၃ စခန်းကို...