မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ဆွေးနွေးပွဲ ဖြစ်ရန် အလားအလာရှိဟု PCG ပြော

မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ဆွေးနွေးပွဲ ဖြစ်ရန် အလားအလာရှိဟု PCG ပြော

တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့တွေ့ဆုံမှုများ ရှိနေပြီး အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက် အပေါ်မူတည်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရ တို့အကြား တွေ့ဆုံဆွေးနွေးမူမှာ အချိန်မရွေးဖြစ်လာ နိုင်သည်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ ပြောသည်။

ဒီဇင်ဘာ ၉ ရက်နေ့တွင် ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP ဌာနချုပ် ပန်ခန်း (ပန်ဆန်း) တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြား တွေ့ဆုံမှု ရှိခဲ့သည်။ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် အစိုးရတို့ အွန်လိုင်းမှ တွေ့ဆုံခဲ့သည်။

မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာနိုင်သည်ဟု ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင် ဂွမ်ဂျာက ပြောသည်။

“အစိုးရဖက်ကနေပြီးတော့မှ အဆင်သင့်ဖြစ်ရင်တော့ ဘယ်အချိန်လည်း ဖြစ်နိုင်တာပေါ့ လေ။ ဒီလအတောအတွင်းလည်း ဖြစ်နိုင်သလို နောက်လလည်း ဖြစ်နိုင်တာပေါ့။ အဲဒါကတော့ အစိုးရ ပေါ်မှာ ပဲ မူတည်တယ်လေ” ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ “အခုကလောလောဆယ်တော့ အစိုးရ အဖွဲ့ကနေပြီးတော့ ဘာမှ တင်ပြလာတာ ပြောလာတာ မရှိသေးဘူးဗျာ။”

လောလောဆယ်တွင် မည်သည့် အချိန် မည်သည့်နေရာတွင် ဖြစ်မည်ကို အတိအကျပြောရန် ခက်သေး သည်ဟု PCG က ဆို သည်။

“မြောက်ပိုင်း အဖွဲ့တွေလည်းပဲ ပြန်ပြောတဲ့အပေါ်မှာ အိုကေဟုတ်ပြီ ဆိုရင်တော့ ဘယ်နေရာမှာ တွေ့မယ် ဘယ်အချိန် ဘယ်ရက် ဘယ်နေရာမှာ တွေ့မယ်ဆိုတာ အဲဒါဒုတိယအပိုင်း ပြန်လည်ဆွေး နွေးရမယ့် ကဏ္ဍပဲရှိတယ်လေ။ အခုက ဘယ်မှာတွေ့မယ်ဆိုတာ အတိအကျတော့ ပြောလို့ မရသေးဘူးဗျာ” ဟု ဦးလမိုင်ဂွမ်ဂျာ က ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် တပ်မတော်နှင့် အစိုးရတို့ နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးတွင် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် နှင့် အပစ်မရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားရန်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု NRPC က ထုတ်ပြန်ထားသည်။

ထိုဆွေးနွေးမှုနောက်ပိုင်း NRPC နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဒီဇင်ဘာလ ၇ ရက် နေ့က Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် ဆယ်တောရို ဘော်ဒါ ဆောင် ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၉ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ “၀ ပြည်သွေး စည်း ညီညွှတ်ရေး တပ်မတော် UWSA ထိန်းချုပ်ရာဒေသ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေး ပွဲတွင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ကိစ္စရပ်အပြင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို သေချာခိုင်မာအောင် လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြ သည်ဟု ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက မီဒီ ယာများကို ပြောဆိုထားသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးမည့် ပုံစံမှာ အစိုးရသစ် လက် ထက်တွင် ပြောင်းလဲလာနိုင်သော်လည်း လက်ရှိအချိန်ထိ မြောက်ပိုင်း မဟာမိတ် အဖွဲ့များ၏ တွေ့ဆုံ ဆွေးနွေး ရေး မူဝါဒမှာ ယခင်အတိုင်းသာ ရှိနေသေးသည်ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

“အရင်တုန်းက အဆက်အစပ်နဲ့ပဲ လေးဖွဲ့နဲ့ တစ်ပြိုင်နက်တည်းတွေ့ဖို့ပဲ ဆွေးနွေးထားတဲ့အပေါ်မှာ အခုလာ မယ့် ဒီအစိုးရ အသစ်ပြန်ဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ ဖွဲ့စည်းပုံ ဘယ်လိုပြောင်းလဲလာမလဲ မသိဘူး။ နည်း နည်းပါးပါးတော့ ပြောင်းလဲမှုတော့ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ မြင်တယ်ပေါ့လေ။ အဲဒီပြောင်းလဲ အပေါ်မှာ မူတည်ပြီးတော့မှ တစ်ဖွဲ့ချင်းလား တစ်ဦးချင်းလား ဘယ်လိုတွေ့ဆုံမလဲ ဆိုတာ ကတော့ ပြော လို့တော့ မရသေးဘူးပေါ့။ နောက်ဆုံးတွေ့ဆုံတဲ့ အဖြေအရတော့ လေးဖွဲ့စလုံးပဲ တစ်ပြိုင်တည်း လက်မှတ် ထိုးမယ် လေးဖွဲ့နဲ့အတူပဲ ဆွေးနွေးမယ်ဆိုတဲ့ ပုံစံပေါ့လေ။ အဲလိုပဲ နောက်ဆုံးသိရ တဲ့အခါကျ တော့ သူ့ရဲ့ သဘောထားက အဲဒီမူတော့ မပြောင်းဘူးလို့တော့ ပြောတာတော့ ကြားရတာလေ”

အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုက ရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

အဆိုပါ အဖွဲ့များသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်း COVID-19 ကပ်ရောဂါကြောင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲရှိနေခြင်းကြောင့် သော် လည်းကောင်းတွေ့ဆုံဆွေးနွေးမှုမှာလည်း ပြတ်တောက်သွားခဲ့ရသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပြီ ဖြစ်သကဲ့သို့ COVID-19 ကပ်ရောဂါကိုလည်း အနေအထား တစ်ခု အထိ ထိန်းချုပ်လာနိုင်သော အဆင့်အထိရောက်ရှိလာပြီး အစိုးရဖက်မှ ကမ်းလှမ်းလာပါက နှစ်ဖက် တွေ့ ဆုံဆွေး နွေးမှုများမှာ ပြန်လည်လုပ်ဆောင်နိုင်မည်ဟု PCG က ဆိုသည်။

 

ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...
March 15, 2024
စစ်ကောင်စီ၏ နိုင်ငံရေးဝှက်ဖဲများ နောက်တွင် မျှောပါမသွားဘဲ လုပ်စရာရှိသည့် အလုပ်ကို ပြတ်ပြတ်သားသား...
March 8, 2024
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲက...
March 8, 2024
ရှမ်းမြောက် မိုးမိတ်တိုက်ပွဲထဲ အရပ်သား နေအိမ် အများအပြားပျက်စီးသွား၍ ဒေသခံ စစ်ရှောင်အများစု...