မုဒုံမြို့နယ် သာယာကုန်းကျေးရွာရှိ ဘိန်းစာရွက်စိုက်ခင်းအား ဖမ်းဆီး

မုဒုံမြို့နယ် သာယာကုန်းကျေးရွာရှိ ဘိန်းစာရွက်စိုက်ခင်းအား ဖမ်းဆီး
ဖမ်းမိသော ဘိန်းစာရွက်အပင်များ (MNA)
ဖမ်းမိသော ဘိန်းစာရွက်အပင်များ (MNA)

မင်းညာခ - မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ ဘိန်းစာရွက်စိုက်ခင်းအား မုဒုံမြို့မစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဘိန်းစာရွက်များစိုက်ပျိုးရောင်းချနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ သာယာကုန်းကျေးရွာနေ စောညီညီထွန်း(ခ)ညီညီ ၏ နေအိမ်သို့ ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း စနစ်တကျစိုက်ပျိုးထားသည့် ပင်စည်လုံးပတ် (၁၄)လက်မ အရွယ်အပါအဝင် အရွယ်စုံအပင်(၇၀)ခန့်နှင့်အတူ ပျိုးပင်း(၁၂)ပင်အား ရှာဖွေဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း မုဒုံမြို့မရဲစခန်းမှ သိရသည်။

"ပြည်သူတွေသတင်းပေးမှုနဲ့အတူ ဖမ်းဆီးရမိတာပါ၊ဘိန်းစာရွက် အပင်ကြီး(၇၀) နဲ့  ပျိုးပင်(၁၂)ပင်မိတာပါ၊ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ဖို့ ပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပေးကြပါ၊ သတင်းပေးမှုတွေကို လျှိုဝှက်ထားပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးပါမယ်၊ ကျနော်အနေနဲ့ မူးယစ်ဆေးဝါးကိုအမျိုးသားရေးတာဝန်တစ်ရပ်နေနဲ့ ဆောင်ရွက်နေပါတယ်၊ ဟိုတစ်ပတ်ကလည်း အဘစ်ကျေးရွာမှာ ဘိန်းစာရွက်အမြောက်အများ ဖမ်းဆီးရမိခဲ့ပါသေးတယ်"ဟု မုဒုံမြို့မစခန်မှူး ဒုရဲမှူး အောင်မျိုးထွန်းက ပြောသည်။

အဆိုပါ ဘိန်းစာရွက်များ သုံးစွဲဖြန့်ဖြူးရောင်းချသူ စောညီညီထွန်း အပါ (၃)ဦးကို မုဒုံမြို့မရဲစခန်းမှ မယ(ပ)၈၈/၂၀၂၀ မူးစိတ်/ပြောင်းပုဒ်မ- ၁၉(က)/၁၆(က)/၂၁ ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်။

"အခုလိုဖမ်းဆီးရမိတာကို ဝမ်းသာပါတယ်၊ ကြိုးစားဖမ်းဆီးကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ အဓိက အထည်ကြီးရောင်းချသူတွေကို ဖမ်းဆီးရမိဖို့လိုပါတယ်၊ ဒီမူးယစ်နွံထဲကို လူငယ်လူရွယ်တွေ မရောက်သွားဖို့ကျနော်တို့ ဖော်ဆောင်ရပါမယ်၊ ကျနော်တို့လွှတ်တော်တက်ရင် ဒီမူးယစ်အကြောင်းတွေ အများကြီးဆွေးနွေးဖို့စီစဉ်ထားပါတယ်"ဟု မုဒုံမြို့နယ် ရွေးချယ်ခံပြည်သူ့လွှတ်တော်ကိုယ်စာလှယ် နိုင်စံတင်က ဆိုသည်။

မုဒုံမြို့နယ်၌ ၂၀၂၀ ခုနှစ်တွင် မုဒုံမြို့မရဲစခန်းမှ(၈၈)မှုနှင့် ကမာဝက်နယ်မြေရဲစခန်းမှ (၅၇)မှု စုစုပေါင်း မူးယစ်ဆေးဝါးအမှုပေါင်း (၁၄၅)မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...