မဲစာရင်း အမှားအယွင်းကြောင့် အမ်းမြို့နယ် ရူးကျေးရွာတွင် လူ ၂၀၀ ခန့်မဲပေးခွင့်ဆုံးရှုံးနိုင်ဟုဆို

မဲစာရင်း အမှားအယွင်းကြောင့် အမ်းမြို့နယ် ရူးကျေးရွာတွင် လူ ၂၀၀ ခန့်မဲပေးခွင့်ဆုံးရှုံးနိုင်ဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်မြို့ မဲဆန္ဒနယ် အမှတ် (၂) ရူးကျေးရွာတွင် မတ်လ ၃၁ ရက်နေ့ ညပိုင်းအထိ မဲစာရင်း အချက်အလက် မှားယွင်းမှုကြောင့် လူ ၂၀၀ ခန့် မဲပေးခွင့် ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ရူးဒေသခံ အမ်းမြို့နယ် ANP ပါတီ ဒုဥက္ကဌ ဦးဘစောမှ နိရဥ္စရာသို့ ပြောကြားသည်။

“ကျနော်တို့ တွေ့ရသလောက်က မဲစာရင်းမှန်ပါတယ်။ မိဘနာမည် မမှန်ဘူး။ ပြီးတော့ သားသမီး နာမည် ပါတယ်။ မိဖ နာမည်မပါဘူး။ အဲလို မဲစာရင်း အမှားအယွင်းက ၁၀၀ ကျော် ၂၀၀ လောက်ထိရှိပါတယ်” ဟု ၄င်းမှ ဆိုသည်။

အချက်အလက်မပြည့်စုံသည့် အတွက် မဲပေးခွင့် မရရှိသူများမှာ ၂၀၀ ၀န်းကျင်ခန့်ရှိမည်ဖြစ်ကြောင်း၊ မဲပေးရန် အခြေအနေမှာ ဆုံးရှုံးသွားနိုင်ကြောင်း ရူးကျေးရွာ မဲရုံအမှတ် (၂)မှ ဦးခင်မောင်သိန်းမှလည်း နိရဥ္စရာသို့ ပြောသည်။

“လူဦးရေစာရင်းကောက်ယူတဲ့အခါမှာ အတိအကျကောက်ခံပြီးတော့ ကွန်ပျူတာမှာ ပြန်ရိုက်လိုက်တဲ့ခါ မိဘနာမည်အလွဲ မှတ်ပုံတင်နံပါတ်အလွဲတွေဖြစ်လာပါတယ်” ဟု ဦးခင်မောင်သိန်းမှ ဆက်လက် ပြောဆိုသည်။

ရူးကျေးရွာအုပ်စုတွင် မဲရုံ ၄ ရုံရှိပြီး မဲပေးမည့် လူဦးရေမှာ မဲရုံအမှတ် (၁) ၁၇၃၁ ဦး ၊ မဲရုံအမှတ်(၂) ၁၇၇၃ ဦး အမှတ် (၃) တွင် ၆၁၀ ဦး၊ မှတ် (၄) တွင် ၃၇၅ ဦး ရှိကြောင်း သိရသည်။

ကြိုတင်မဲ အရေအတွက်မှာ အမှတ် (၂) မဲရုံတွင် ၆၀ ဦး၊ အမှတ် (၁) မဲရုံတွင် ၄၅ ဦး ဖြစ်ပြီး ကြိုတင် မဲပေးရန် ကျန်ရှိနေသူ ၁၇ ဦးဖြစ်ကြောင်း ဦးဘစောမှ ပြောဆိုသည်။

ရူးကျေးရွာ တစ်ခုတည်းတွင် မဲပေးမည့် လူဦးရေ ၂၀၀ ခန့်အထိ အချက်အလက်မပြည့်စုံခြင်းကြောင့် မဲပေးခွင့် မရရှိဘဲ ဖြစ်နေသည့် သတင်းများ ထွက်ပေါ်လာသည့် ကိစ္စနှင့် ပတ်သတ်ပြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိန်မောင်အား ဆက်သွယ် မေးမြန်းရာ ၄င်းကိစ္စမှာ မဖြစ်နိုင်ကြောင်း သူက ပြောကြားသည်။

“ကျနော်တို့ ဆီကို ဒီသတင်း မရောက်ဘူး။ အားလုံးအဆင်ပြေတယ် အခက်အခဲမရှိဘူးလို့ သိရပါတယ်။ ရူးမှာ လူဦးရေ ၂၀၀ ကျော် ကျန်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီကနေ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးခဲ့ပါတယ် ” ဟု နိရဥ္စရာသို့ပြောသည်။

အမ်းမြို့နယ် အတွင်း ယခုကဲ့သို့ အဖြစ်အပျက်များ အခြားမဲရုံများတွင်လည်းရှိနိုင်ကြောင်း သုံးသပ် ပြောဆိုမှုများ ထွက်ပေါ် နေသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...