အနိုင်ရလျှင် တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ်ပြီး ရှုံးလျှင် မိမိအတွက်သာဖြစ်ဟု ချင်းပြည်နယ် USDP ဥက္ကဌဆို

အနိုင်ရလျှင် တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ်ပြီး ရှုံးလျှင် မိမိအတွက်သာဖြစ်ဟု ချင်းပြည်နယ် USDP ဥက္ကဌဆို

ရွေးကောက်ပွဲတွင် အနိုင်ရရှိလျှင် တိုင်းပြည်နှင့်လူမျိူးအတွက်ဖြစ်ပြီး ရှုံးလျှင် မိမိအတွက်သာဖြစ်သည်ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) ချင်းပြည်နယ်ဥက္ကဌ ဒေါက်တာမှုထန်က ပြောသည်။

 

“ပြည်သူလူထုက NLD ကို ကျွန်တော်တို့ထက် ပိုပြီးတော့ ဆန္ဒပေးချင်လို့ ဖြစ်မှာပေါ့။ ကျွန်တော်ကတော့ ပြည်သူလူထု ဆုံးဖြတ်ခံယူဖို့ပါပဲ။ အဲ့တော့ ကျွန်တော့် ခံယူချက်က ဟိုအရင်ကတည်းကပေါ့နော် နိုင်ရင် တိုင်းပြည်နှင့်လူမျိုးအတွက်၊ ရှုံးရင် ကျွန်တော့်အတွက် ဒါပါပဲ။ တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက်လုပ်မယ်၊ ကိုယ့်အကျိုးအတွက်လုပ်မယ် ဒါလေးပေါ့။ ရှုံးရင် ကိုယ့်အတွက် နိုင်ရင် တိုင်းပြည်နှင့်လူမျိုးအတွက် အဲ့သဘောထားအတိုင်းလေးနဲ့ သွားပါမယ်" ဟု USDP ပါတီဥက္ကဌ ဒေါက်တာမှုထန်က ပြောသည်။

 

ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၉ နေရာတွင် NLD ပါတီက ၃၆ နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ကတစ်နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ကနှစ်နေရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

မဲဆန္ဒရှင်ပြည်သူများအပေါ် ဒေါက်တာမှုထန်က “ဒီတစ်ခါ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကို မဲပေးတဲ့သူနည်းသော်ငြားလည်းပဲ ကျွန်တော်တို့အနေနဲ့ မဲပေးတဲ့သူအားလုံးအပေါ် ကျေးဇူးတင်တဲ့အကြောင်း၊ နောက်ရွေးကောက်ပွဲကျရင်လည်း ဒီထက်ပိုများများပေးပြီးမှ ကျွန်တော်တို့ အောင်ပွဲဆင်နိုင်အောင် မဲဆန္ဒပေးကြပါလို့ ပြောချင်ပါတယ်" ဟု ဒေါက်တာမှုထန်မှပြောသည်။

 

ဒေါက်တာမှုထန်သည် ချင်းပြည်နယ် ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

 

၂၀၁၅ တွင် ချင်းပြည်နယ်တွင် USDP ပါတီအနေဖြင့် မဲဆန္ဒနယ် ငါးနေရာအနိုင်ရရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင်မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့်အနက် ၃၆ နေရာ ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စု ၁၀၂ ခုရှိသည့်အနက် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ကျေးရွာအုပ်စု ၉၄ခု ရှိကြောင်းနှင့် ယင်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ခြောက်သောင်းကျော်၌ တစ်သောင်းခန့်သာ မဲပေးနိုင်ခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...