ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းမရရှိသေးသောဒေသတချို့တွင် KSPP ပါတီနှင့်ပတ်သက်သည့် သတင်းအမှား

ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းမရရှိသေးသောဒေသတချို့တွင် KSPP ပါတီနှင့်ပတ်သက်သည့် သတင်းအမှား
by -
KNG

ပြီးခဲ့သောရွေးကောက်ပွဲကာလ ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းမရရှိသေးသောဒေသတချို့တွင် KSPP ပါတီနှင့်ပတ်သက်ပြီး သတင်းအမှားပုတ်ခတ်ပြောဆို ဖြန့်ဝေခဲ့သည့် လူပုဂ္ဂိုလ် ၃ ဦးကို ပါတီဘက်က တရားစွဲဆိုထားသည်ဟု စုံစမ်းသိရှိရသည်။

ပြည်နယ်အတွင်း ဝေးလံခေါင်ပါးပြီး အင်တာနက်လိုင်းမရရှိသေးသည့် ပူတာအို၊ နောင်မွန်းစသည့်မြို့နယ်များတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကို သတင်းအမှားဖြင့်ဖြန့်ဝေကာ ပုတ်ခတ်ပြောဆိုခဲ့သူ ၃ ဦးကို နောင်မွန်းမြို့နယ်ရဲစခန်းတွင် နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက အမှုဖွင့်တိုင်ကြားထားကြောင်း နောင်မွန်းမြို့နယ် KSPP ဥက္ကဌ ဦးဆန်နိုင်ဒီးရမ်ထံကပြောသည်။

“သူတို့က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်ပေးတယ်။ နောက်ပြီး ဘာသာရေးနဲ့ လူမျိုးရေးကိုခေါင်းစဉ်တပ်ပြီး ပုတ်ခတ်ပေးတယ်။ KSPP ကို KIA က ပိုက်ဆံပေးပြီး ကျောထောက်နောက်ခံထောက်ပံ့ပေးထားကြောင်း ပြောဆိုခဲ့တယ်။ KSPP ပါတီကလည်း နိုင်ငံတော်ကခွင့်ပြုထားတဲ့ တရားဝင်မှတ်ပုံတင်ရပါတီမဟုတ်ဘူးလို့ ပုတ်ခတ်ပြောဆို ဖြန့်ဝေခဲ့တယ်။ ဒါကြောင့် တရားစွဲထားသည်” ဟု ပြောဆိုသည်။

ဦးဆန်နိုင်ဒီးရမ်သည် နောင်မွန်မြို့နယ်၏ KSPP ပါတီဥက္ကဌတစ်ဦးဖြစ်သလို ပါတီအောင်နိုင်ရေးအတွက် ဦးဆောင်ခဲ့သူဖြစ်ကာ ယခုသတင်းအမှားဖြန့်ဝေပြောဆိုသူ ၃ ဦးကိုလည်း သူကိုယ်တိုင်တရားလိုပြုလုပ်ကာ ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်တိုင်ကြားထားသူဖြစ်သည်။

တရားစွဲခံနေရသူ ၃ ဦးမှာ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီအသင်း (WHG) ဥက္ကဌ (ငြိမ်း) ဦးထုံဖူးဒဂုဏ်အပါအဝင် ဦးဆားရ်ဝမ်ဖုန်နှင့် ဦးပီတာတို့ဖြစ်သည်။

ထိုသူ ၃ ဦးကို ‘လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲမပေးဘဲနေရပြောဆိုလှုံဆော်ခြင်း’ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဂ) ဖြင့် အရေးယူပေးရန်တိုင်တန်းထားသော်လည်း တရားခွင်တွင် မရောက်သေးသည့်အမှုဖြစ်သည့်အတွက် မည်သည့် ပုဒ်မမြောက်ကြောင်း အသေးစိတ်မသိရသေးကြောင်း ဦးဆန်နိုင်ဒီးရမ် က ပြောသည်။

နိုဝင်ဘာလ ၂၅ရက်နေ့ နောင်မွန်းမြို့နယ်ရဲစခန်းတွင် တရားလိုအပါအဝင် သက်သေ ၅ဦးကို စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။

ပူတာအိုခရိုင်သည် အင်တာနက်ဆက်သွယ်ရေးလိုင်းရရှိမှုနှုန်း နည်းပါးသောဒေသဖြစ်သောကြောင့် ရွေးကောက်ပွဲကာလ သတင်းအမှားအများစုမှာ လူမှုစာမျှက်နာပေါ်ထက် မြေပြင်တွင်ပိုမိုပြန့်နှံခဲ့ကြောင်း KSPP ကိုယ်စားလှယ်လောင်းများက ပြောဆိုနေကြသည်။

Most read this week

December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
November 27, 2025
၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့်...
November 12, 2025
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ...