အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ရဲတပ်ဖွဲ့အင်အား ၂၇၀ ကျော်ဖြင့် လုံခြံုရေးဆောင်ရွက်နေ

အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ရဲတပ်ဖွဲ့အင်အား ၂၇၀ ကျော်ဖြင့် လုံခြံုရေးဆောင်ရွက်နေ
by -
နိရဥ္စရာ
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရဲတပ်ဖွဲ့ဝင် ၂၇၇ ဦးဖြင့် လုံခြံုရေး ဆောင်ရွက်နေကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုးက သတင်းထောက်များကို ပြောကြားသည်။

ရွေးကောက်ပွဲ လုံခြံုရေးအတွက် ရဲတပ်ဖွဲ့အင်အား ၂၇၇ ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အမ်းမြို့နယ်မှ ရဲတပ်ဖွဲ့အင်အားအပြင် စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့မှ ရဲတပ်ဖွဲ့ အင်အားများဖြင့် အားဖြည့်ဆောင်ရွက်နေကြောင်း၎င်းက ပြောဆိုသည်။

“ရွေးကောက်ပွဲ လုံခြံုရေးအတွက် ဆောင်ရွက်တဲ့ နေရာမှာ ဇုံ ၄ ခုခွဲပြီးဆောင်ရွက်နေပါတယ်။ ဇုန်၁ ကို အမ်းမြို့မရဲစခန်းက တာဝန်ယူပါတယ်။ ဇုန်၂ ကို ဒလက်နဲ့ ကဇူးကိုင်း ရဲက တာဝန်ယူပါတယ်၊ ဇုန် ၃ ကို တပ်တောင်နဲ့ ရူး ရဲစခန်းကတာ ၀န်ယူသလို ဇုန် ၄ ကို ကျောက်မြောင်းနဲ့ ညောင်ချောင်းရဲစခန်းတို့က တာဝန်ယူဆောင်ရွက်နေပါတယ်” ဟု ရဲမှူးအောင်စိုးက ပြောသည်။

အမ်းမြို့နယ်တွင် အုပ်စု ၂၉ အုပ်စု၊ ရပ်ကွက် ရ ရပ်ကွက်၊ မဲရုံ ၁၃၇ ရုံရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ လုံခြံုရေးအတွက်ဆောင်ရွက်ရာတွင် မဲမပေးမည်၊ မဲပေးနေစဉ်နှင့် မဲပေးပြီးကာလ ဆိုပြီး ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ကင်းလှည့်ဆောင်ရွက်ခြင်းနှင့် မဲရုံအနီး စောင့်ကြည့်ဆောင်ရွက်ခြင်းများကို ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

“ကင်းလှည့် ဆောင်ရွက်မှုအတွက်ကတော့ အဖွဲ့ ၂၅ ဖွဲ့ ခွဲထားပြီး အရာရှိ ၂၅ ဦးအပါအဝင် ရဲတပ်ဖွဲ့အင်အား ၁၅၃ ဦးနဲ့ ဆောင်ရွက်နေပြီးတော့ မဲရုံတစ်ရုံကို ရဲတပ်ဖွဲ့ဝင် တစ်ဦးကျစီနဲ့ ဆောင်ရွက်ပေးနေပါတယ်”ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မဲပုံးများကို မဲရုံသို့ ပို့ဆောင်ရာတွင် လုံခြံုရေး ဆောင်ရွက်ပေးခဲ့သလို၊ မဲပုံးကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ယူဆောင်ရာတွင်လည်း လုံခြံုရေးကို စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ လုံခြံုရေးအတွက် အထူးရဲတပ်ဖွဲ့ ဖွဲ့စည်းပြီးဆောင်ရွက်ခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် အထူးရဲတပ်ဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ခြင်းမရှိဟု သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...