အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များကို ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု FPNCC ဆို

အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များကို ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု FPNCC ဆို

အမျိုးသားရင်ကြားစေ့ရေး၊ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးလုပ်ငန်းစဉ်များကို ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး FPNCC ၏ အမြဲတမ်းဗဟိုကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီဝင် FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် “ကျွန်ုပ်တို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့နှင့် တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးမှုအပေါ်အခြေပြု၍ ဆက်လက်လက်တွဲကာ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ် တိုးတက်ဖော်ဆောင်ရေး၊ အစိုးရမှ ကတိပြုထားသော တိုင်ရင်းသားလူမျိုးစုဒေသများ၏ စီးပွားရေး၊ ပညာရေး၊ ဆေးကုသရေးနှင့် ကျန်းမာရေးလုပ်ငန်းစဉ်များ တိုးတက်ဖော်ဆောင်ရေး၊ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးလုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုပါသည်” ဟု ဖော်ပြထားသည်။

ထို့ပြင် နိုဝင်ဘာ ၈ ရက်တွင် အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်သာမက ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ၏ တရားဝင်ထုတ်ပြန်ချက်အရ NLD အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်သည့်အခွင့်အရေး ရရှိခဲ့သည့်အပေါ် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့တွင် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ-မိုင်းလား (NDAA)၊ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ပါဝင်သည်။

အဆိုပါအဖွဲ့များမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ပြီး ၎င်းတို့ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရေး အစိုးရနှင့်တပ်မတော်တို့က ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည့် အဖွဲ့များဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...