ကစ္ဆပနဒီ (၁) အမြန်ရေယာဉ်သည် ဂျပန်တွင် အသုံးပြုပြီးသား ရေယာဉ်ကို ဂျပန်နိုင်ငံတွင် မွန်းမံမှု ပြုလုပ်ပြီးမှ ရခိုင်ပြည်နယ် ကမ်းရိုးတန်းတွင် သွားလာနိုင်ရေးအတွက် ဂျပန်အစိုးရက ကူညီခြင်းဖြစ်သည်။
“ဂျပန်နိုင်ငံက ကျွမ်းကျင်သူတွေကိုယ်တိုင် ရခိုင်ပြည်နယ်သို့ လာရောက်ပြီး အသေအချာလေ့လာပြီးမှ ရခိုင်ပြည်နယ် ကမ်းရိုးတန်းမှာ ဘေးကင်းလုံခြံုစွာသွားလာနိုင်မယ့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းနဲ့ ကိုက်ညီမယ့် ရေယာဉ်ကို ရွေးချယ်ပြီး အသေးစိတ်မွမ်းမံပြီးမှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်”ဟု ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်အောင်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ကမ်းရိုးတန်းတွင် ဧပြီလမှ စတင်၍ ပြေးဆွဲမည့် ခရီးသည်တင် ကစ္ဆပနဒီ (၁) အမြန်ရေယာဉ်သည် အလျား ၃၂.၉၅ မီတာ၊ အကျယ် ၆.၃၀ မီတာ၊ စောက်အနက် ၂.၆၀ မီတာ ရှိပြီး ၁၁၃ တန်ရှိကာ ခရီးသည် ၁၄၅ ဦးနှင့် သင်္ဘောသား ၆ ဦးကို စုစုပေါင်း ၁၅၁ ဦးကို တင်ဆောင်နိုင်မည်ဖြစ်သည်။
“ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲမှာ အရေးပါတဲ့ပြည်နယ်တစ်ခု ဖြစ်ပြီးတော့ ရခိုင်ပြည်နယ်ရဲ့ အဘက်ဘက်က စိန်ခေါ်မှုတွေကို NLD အစိုးရက ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဂျပန်အစိုးရအနေနဲ့လည်း အဘက်ဘက်က ၀ိုင်းဝန်းပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr.Tateashi HIGUCHI က ပြောကြားခဲ့သည်။
ဂျပန်အစိုးရက ရခိုင်ပြည်နယ်အတွက် ကမ်းရိုးတမ်းသွား အမြန်ရေယာဉ်ကူညီရာတွင် သင်္ဘော ၃ စင်းပါ၀င်ပြီး ကျန်ရှိနေသာ ကစ္ဆပနဒီ ၂ ကို ဂျပန်နိုင်ငံတွင် မွမ်းမံနေပြီး မေလအတွင်း ရခိုင်သို့ ရောက်ရှိလာမည်ဖြစ်ကာ အသစ်တည်ဆောက်နေသည့် ကစ္ဆပနဒီ ၃ ကိုမူ ဂျပန်ယန်း သန်း ၁၀၀၀ အကုန်ကျခံ တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာမည်ဖြစ်သည်။
ယင်းသင်္ဘော ၃ စီးကို ရခိုင်ပြည်သူများ ဘေးကင်းလုံခြံုစွာ သွားလာနိုင်ရေးအတွက် ဂျပန်အစိုးရက ကူညီခြင်းဖြစ်ပြီး အောင်တံခွန် ၃ ကမ်းရိုးတန်းသွားသင်္ဘော ရခိုင်တွင်နစ်မြုပ်ခဲ့ပြီးနောက်ပိုင်း ၂ နှစ် ရပ်နားထားခဲ့ရသော ရခိုင်ကမ်းရိုးတန်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။
ယခုကဲ့သို့ ဂျပန်အစိုးရမှ လှူဒါန်းမှုသည် ချစ်ကြည်ရေးပြယုဂ်အနေဖြင့် ရခိုင်ပြည်သူများ၏ ရင်ထဲတွင် ကိန်းအောင်နေမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။
ယခု လွှဲပြောင်းပေးအပ်ခဲ့သည့် ကစ္ဆပနဒီ (၁) အမြန်ရေယာဉ်တွင် ၀န်ကြီးများ၊ ဂျပန်သံအမတ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများ လိုက်ပါလျက် ကစ္ဆပနဒီမြစ်ထဲတွင် ၁၀ မိနစ်ကျော်ခန့် အစမ်းမောင်းနှင် ပြသခဲ့သည်။
အခမ်းအနားသို့ ၀န်ကြီးများ၊ ဂျပန်သံအမတ်၊ စစ်သံမှူးနှင့် သံရုံးဝန်ထမ်းများအပြင် JAICA မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံတို့၏ သံတမန်ဆက်သွယ်ရေးများကို ၁၉၅၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ဂျပန်အစိုးရသည် မြန်မာနိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍများတွင် ကူညီလာခဲ့သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်ဟု သိရှိရသည်။







