SNLD က NLD၊ USDP တို့နှင့် ပူးပေါင်းထားတယ်ဆိုတဲ့သတင်းအမှား

SNLD က NLD၊ USDP တို့နှင့် ပူးပေါင်းထားတယ်ဆိုတဲ့သတင်းအမှား
by -
NMG

SNLD အနေနဲ့ NLD၊ USDP တို့နဲ့ ပူးပေါင်းမဟာမိတ်ဖွဲ့နေသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ ပုံအမှားတစ်ခုနဲ့ စာချုပ်တစ်ခုဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံနေတာကိုတွေ့ရပါတယ်။

ပထမတစ်ခုကတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်မှပြည်သူများ ရွေးချယ်မဲပေးသင့်သည့် ပြည်သူကိုအကျိုးပြုနေသော ပါတီကြီးများဆိုတဲ့စာသားနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD လိုဂိုနှစ်ခုကို ဆက်ထားတဲ့ ဗီနိုင်းရှည်ပုံအမှားတစ်ခုဟာ နိုဝင်ဘာလ ၃ ရက်နေ့ နံ နက် ၁၂ နာရီ ၈ မိနစ်မှာ Ying Kham ဆိုသူ အကောင့်ပိုင်ရှင်က တင်ထားတာကို တွေ့ရပါတယ်။

အဆိုပါ ဓာတ်ပုံအရ NLD နှင့် SNLD ပါတီနှစ်ခုဟာ မဲဆွယ်စည်းရုံးမှုကို အတူတကွလုပ်ဆောင်နေပြီး မဟာမိတ်ဖွဲ့ထားကြသည့် ပါတီများအဖြစ် ရှိနေသည့်ပုံစံမျိုးကို တွေ့ရပါတယ်။

ထိုဓာတ်ပုံနှင့်ပတ်သက်၍ SNLD တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်ကို မေးမြန်းကြည့်ရာမှာတော့ ထိုဓာတ်ပုံဟာ ဓာတ်ပုံအမှားသာဖြစ်တယ်လို့ ပြောပါတယ်။

စိုင်းကျော်ညွှန့်က “ကျနော်တို့ ဘယ်ပါတီနှင့်မှ ကျနော်တို့ တွဲပြီးတော့ မဲဆွယ်စည်းရုံးတို့ ဘာတို့က မရှိဘူးဗျား ဗီနိုင်းထဲမှာပေါ့လေ။ အဲလိုဆွဲပြီးတော့ ပူးကပ်ပြီးတော့ လုပ်တာတို့ ပြုတာတို့က မရှိဘူးဗျား။ လုပ်ချင်တဲ့လူက သူ့ဟာသူလုပ်ပြီးတော့ တင်ထားတာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့လေ ကျနော်တို့ လောလောဆယ်အထိကတော့ မရှိဘူးဗျား။ အဲဒီဟာက ဘယ်တုန်းကရိုက်ပြီးတော့ ဘာမှန်းညာမှန်း မသိဘူး ဒါပေမယ့် ကျနော်တို့ ပေါ်လစီထဲမှာတော့ အဲလိုလုပ်တာ မရှိဘူးဗျား”  လို့ပြောပါတယ်။

SNLD အနေဖြင့် စည်းလုံးညွှတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA အဖွဲ့ဝင်တွေကလွဲရင် မည်သည့်အဖွဲ့နှင့်မှ မဟာမိတ်ပြုထားခြင်းမရှိဘူးလို့ စိုင်းကျော်ညွှန့်က ဆက်ပြောပါတယ်။

နောက်တစ်ခုကတော့ ယနေ့ မနက်က Facebook ပေါ်တွင် ပြန်နှံ့နေသည့် SNLD ပါတီနှင့် USDP ပါတီတို့ နှစ်ဖက်သဘောတူ ပူးပေါင်းဆောင်ရွက်ခြင်း ကတိစာချုပ်မှာလည်း မဟုတ်မှန်ကြောင်း စိုင်းကျော်ညွှန့်က အခုလိုပြောပါတယ်။

“အဲဒါမျိုး မရှိပါဘူးဗျား။ အထွေအထူးတော့ ပြောစရာမရှိဘူး လုပ်ချင်တဲ့သူက လုပ်ချင်တဲ့ပုံစံနဲ့ လျှောက်လုပ်မှာပဲလေနော ကျနော်တို့ ခုနပြောသလိုပါပဲ UNA ကျနော်တို့ မဟာမိတ်တွေကလွဲရင် ကျနော်တို့ တစ်ခြားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ မရှိပါဘူး။”

SNLD နှင့် USDP ပါတီတို့ နှစ်ဖက်သဘောတူ ပူးပေါင်းဆောင်ရွက်ခြင်းကတိစာချုပ်ကတော့ Tai Image Media Like Page ကနေစတင်ပြန်နှံ့လာခဲ့ပြီး ထိုမှတစ်ဆင့် ရှမ်းတိုင်ရင်းသားတွေအကြောင်းတင်တဲ့ Group တော်တော်များကို ပြန်နှံ့ခဲ့တာကိုတွေ့ရပါတယ်။

SNLD နှင့် NLD လိုဂိုနှစ်ခုကို ဆက်ထားတဲ့ ဗီနိုင်းရှည်ပုံဟာ ပုံအမှားသာဖြစ်သလို ယနေ့မနက်က လူမှုကွန်ရက် Facebook ပေါ်ပြန်နှံ့နေသည့် USDP နှင့် NLD တို့ နှစ်ဖက်သဘောတူ ပူးပေါင်းဆောင်ရွက်ခြင်း ကတိစာချုပ်မှာလည်း အမှားသာဖြစ်တယ်လို့ SNLD က ပြောပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးကပ်လာတာနဲ့အမျှ ယခုလို သတင်းအမှားတွေ၊ ပါတီအချင်းချင်း၊ လူပုဂ္ဂိုလ်အချင်းချင်းကို အထင်အမြင်မှားအောင်၊ မဲပေးမယ့် မဲဆန္ဒရှင်ပြည်သူတွေ ဆုံးဖြတ်ချက်ဝေဝါးသွားအောင်ပြုလုပ်တဲ့ သတင်းအမှားတွေဟာ ဆက်တိုက်ဆိုသလို တက်လာနေတာကိုတွေ့ရပါတယ်။

ဒါကြောင့် Facebook သုံးစွဲသူတွေအနေနဲ့ ဓာတ်ပုံ သို့မဟုတ် သတင်းတွေကို ထပ်ဆင့်ဖြန့်ဝေတော့မယ်ဆိုရင် သေချာစဉ်းစားပြီးမှ ဖြန့်ဝေပေးပါလို့ အကြံပြုလိုက်ရပါတယ်။

Most read this week

December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
November 27, 2025
၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့်...
November 12, 2025
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ...