AA ၏ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် United League of Arakan ကို ဇွန်လတွင် စတင်မည်

AA ၏ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် United League of Arakan ကို ဇွန်လတွင် စတင်မည်
by -
မဇ္ဈိမ
ရခိုင်တပ်မတော် (AA) ၏ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် United League of Arakan (ULA) ကို ဇွန်လတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ULA ခေါင်းဆောင်လည်းဖြစ်သူ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မေလ ၃၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

"နိုင်ငံရေးအရ လုပ်ရမှာကို အရပ်ဖက်အဖွဲ့က လုပ်မယ်၊ အရင်ကတည်းက သောင်းချီတဲ့ အရပ်ဖက်အဖွဲ့ တွေရှိတယ်၊ အခု ULA ကို ကျွန်တော်ကပဲ ဦးဆောင်မှာပါ။ ဦးခိုင်သုခက ပြန်ကြားရေး တာဝန်ခံအဖြစ် ပါမယ်၊ ဖွဲ့စည်းပုံကတော့ အရင်အတိုင်းလိုပဲ။ နိုင်ငံရေး၊ သံတမန်ရေး စတာတွေအတွက် အတိုင်ပင်ခံတွေလည်း ပါတယ်" ဟု ၎င်းက ဆိုသည်။

ဦးခိုင်သုခသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ၂၀၁၄ ခုနှစ် မေလတွင် နုတ်ထွက်ခဲ့သည်။ ALP မှ နုတ်ထွက်ခဲ့သော်လည်း ရခိုင်အမျိုးသား တော်လှန်ရေး လမ်းကြောင်းတွင် ဆက်လက်ရပ်တည်ကာ ရခိုင် အမျိုးသား ရပိုင်ခွင့်များအတွက် စိတ်တူကိုယ်တူ ဆောင်ရွက်သူများနှင့် လက်တွဲကာ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်သည်ဟု မေလ ၂၁ ရက်တွင် လက်ရေးမူဖြင့် ကိုယ်တိုင်ရေးသည့် စာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

"AA က လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဦးခိုင်သုခနဲ့ ဆက်ဆံမှုရှိတယ်၊ အဖွဲ့မတူပေမယ့် ရည်ရွယ်ချက်တူတော့ ပြောဆိုတာ၊ နားလည်မှုရှိတာရှိတယ်" ဟု AA  စစ်ဦးစီးချုပ် ဦးထွန်းမြတ်နိုင်က ပြောသည်။

AA ၏ နိုင်ငံရေး ရပ်တည်ချက်အရ ရခိုင်အမျိုးသား တော်လှန်ရေးအဖွဲ့များကို စုပေါင်းရန် လွန်ခဲ့သည့် လေးနှစ်ကပင်
ဆောင်ရွက်ခဲ့သော်လည်း မျှော်မှန်းထားသည့် ရည်ရွယ်ချက် အကောင်အထည်မဖော်နိုင်ခဲ့ခြင်း၊ ယင်းအပြင်
နိုင်ငံရေးအရ ဆောင်ရွက်ရမည့် လုပ်ငန်းများကို တပ်မတော်ပိုင်းမှ မဆောင်ရွက်ပဲ ULA အရပ်ဖက် အဖွဲ့ဖြင့်
ဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

AA ကို ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းကာ ရခိုင်တိုင်းရင်းသားများ၏ အခွင့်အရေးအတွက် လက်နက်စွဲကိုင်တော်လှန်သည့် အဖွဲ့အဖြစ် ရပ်တည်ခဲ့သည်။ ၂၀၁၂ခုနှစ် နိုဝင်ဘာတွင် ကျင်းပသည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး နောက်တိုးအဖွဲ့ဝင်အဖြစ် TNLA (တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်)၊ MNDAA(ကိုးကန့်) တို့နှင့်အတူ AA က အဖွဲ့ဝင်ဖြစ်ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးရာတွင် ယင်းနောက်တိုးအဖွဲ့ ၃ ဖွဲ့ ထည့်သွင်း လက်မှတ်ထိုးရေးကို ဦးသိန်းစိန် အစိုးရက ငြင်းပယ်ထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...