ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ ကြိုတင်မဲပေးသူများ ဖိအားပေးခံနေရ

ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ ကြိုတင်မဲပေးသူများ ဖိအားပေးခံနေရ

Hseng Leng  — သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့တွင် အသက် ၆၀ နှင့် အထက် ကြိုတင်မဲပေးရာ၌ မိမိဆန္ဒအလျောက် မပေးခဲ့ရဘဲ ဖိအားပေးခြင်းခံနေရကြောင်း စုံစမ်းသိရသည်။

တာမိုးညဲမြို့ ရပ်ကွက် (၂) တွင် ယမန်နေ့ နိုဝင်ဘာ ၂ ရက်က သက်ကြီးများ ကြိုတင်မဲသွားပေးရာတွင် မိမိဆန္ဒ မဟုတ်သည့် ပါတီကို မဲထည့်ပေးရန် ဖိအားပေးမှုများရှိခဲ့ကြောင်း၊ ထိုသို့ ဖိအားပေးခံရခြင်းသည် တဦးတယောက်တည်း မဟုတ်ကြောင်း သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မဲဆန္ဒနယ် အမှတ်(၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း SNLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မော်ထွန်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တာမိုးညဲက မိတ်ဆွေတွေ ဖုန်းဆက်လာပြီး သူတို့ရဲ မိဘတွေကြုံရတဲ့ဟာတွေပြောပြတယ်။ ဒီပါတီကို မဲပေးပါဆိုပြီး ဖိအားပေးတယ်။ မဲရုံထဲမှာရှိနေတဲ့ ကော်မရှင်အဖွဲ့ဝင် (မဟုတ်ရင်) တစ်ခြားပါတီ အဖွဲ့ဝင်တွေလားတော့ မသိဘူး” မော်ထွန်းအောင် က ဆိုသည်။

တာမိုးညဲမြို့ နယ်ရှိ ဒေသခံပြည်သူများသည် အစိုးရ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြောက်ရသည့် ဒေသတခုဖြစ်သကဲ့သို့ လက်နက်ကိုင်များ လှုပ်ရှားသည့် နေရာတခုလည်းဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ဖက်ကတော့ အုပ်ချုပ်ရေးမှူးတွေကို ကြောက်ရတဲ့နေရာလေ။ ဒီလိုပြောလာရင်လဲ ကိုယ်ဆန္ဒနဲ့ မဲပေးမယ့် သက်ကြီးရွယ်အိုတွေက တွန့်သွားတယ်။ သူတို့ပြောတဲ့အတိုင်း တံဆိပ်ထုခဲ့ပေးရတာမျိုးတွေရှိတယ် ”ဟု မော်ထွန်းအောင်က ဆိုသည်။

အဆိုပါ လုပ်ရပ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို နှုတ်ဖြင့် တိုင်ကြားထားကြောင်း မော်ထွန်းအောင် က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကလည်း တာမိုးညဲမြို့တွင် ထိုကဲ့သို့ဖြစ်ရပ်မျိုးကြုံခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် လားရှိုးမြို့နယ်တွင်လည်း ကြိုတင်မဲပေးသည့် အသက် (၆၀) အထက် မဲဆန္ဒရှင်များဖိအားပေးကာ မိမိဆန္ဒမဟုတ်သည့်ပါတီအား မဲပေးခိုင်းသည့်ဖြစ်ရပ်မျိုးရှိခဲ့ကြောင်းသိရသည်။

Most read this week

March 10, 2026
စိုင်းခွမ်မိန်း  —သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...
March 9, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက်...
March 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
March 5, 2026
စိုင်းဆိုင်အိုက် — “ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး...