ထိုသို့ မေးမြန်းမှု အပေါ် ကျောက်ဖြူဒေသခံများက ဘင်္ဂလီများနှင့် အတူ ယှဉ်တွဲနေထိုင်ရန်မှာ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီစစ်ဆေးခြင်းမရှိဘဲ အတူယှဉ်တွဲနေထိုင်နိုင်ရန်မဖြစ်နိုင်ကြောင်း ကျောက်ဖြူဒေသခံများမှ တင်ပြလိုက်ကြောင်းသတင်းရရှိသည်။
ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ်လ(၂၄)ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနှင့် ကျောက်ဖြူဒေသခံများတွေ့ဆုံရာတွင် ၀န်ကြီးက အတူယှဉ်တွဲနေထိုင်နိုင်ရန်ပြောကြားခြင်းအပေါ် တင်ပြလိုက်ခြင်းဖြစ်ကြောင်း ကျောက်ဖြူစည်ပင် သာယာရေးကော်မတီဥက္ကဌဦးသန်းလွင် ကပြောသည်။
‘‘ ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံပွဲမှာ ဘင်္ဂလီတွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးကို အဓိကပြောပါတယ်။ ငြိမ်းချမ်းရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူယှဉ်တွဲနေထိုင်ဖို့ အဆင်သင့်ဖြစ်မဖြစ်မေးပါတယ်။ ကျောက်ဖြူဒေသခံတွေ တင်ပြလိုက်တာကတော့ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥဒေနဲ့အညီအရင်စိစစ်ပါ။ ဥပဒေနဲ့ညီရင်တော့ နိုင်ငံသားပေးရမယ်။ မညီတဲ့သူကို မပေးနိုင်ဘူး။ ဥပဒေနဲ့အညီစစ်ဆေးခြင်းမရှိဘဲ ပြန်လည်နေရာချထားရေးနဲ့ အတူယှဉ်တွဲနေထိုင်ရေးမဖြစ်နိုင်ဘူး’’ဟုဒေသခံတွေတင်ပြလိုက်ကြောင်း သူကပြောသည်။
ထိုတွေ့ဆုံပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့မဖျား၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တလုံးဘင်္ဂလီကယ်ဆယ်ရေးစခန်းနှင့် ပြင်ဖြူမော် ရခိုင်ကယ်ဆယ်ရေးစခန်းများကိုလည်းသွားရောက်ပြီး ပစ္စည်းများထောက်ပ့ံပေးခဲ့ကြောင်းသိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် မတ်လ(၂၄)ရက်နေ့က ရမ်းဗြဲမြို့သို့လည်းသွားရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။







