ဒေသဆိုင်ရာအာဏာပိုင်များမှ ၁ဝ ရက်အတွင်းရမည့် ဆိုလာပြားရမည်ဟုဆိုကာ ငွေကောက်ခံထားသော်လည်း တစ်နှစ်နီးပါးကြာသည်အထိ မရသေး၍ ဒေသခံများမကျေမနပ်ဖြစ်

ဒေသဆိုင်ရာအာဏာပိုင်များမှ ၁ဝ ရက်အတွင်းရမည့် ဆိုလာပြားရမည်ဟုဆိုကာ ငွေကောက်ခံထားသော်လည်း တစ်နှစ်နီးပါးကြာသည်အထိ မရသေး၍ ဒေသခံများမကျေမနပ်ဖြစ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နေပူခံကျေးရွာမှ ဒေသခံများကို ၁ဝ ရက်အတွင်း ဆိုလာပြားရမည်ဟု ဆိုကာ ငွေကောက်ယူသွားသော်လည်း တစ်နှစ်နီးပါးကြာသည်အထိ ဆိုလာပြားမရသေး၍ ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ ဆိုလာပြားပေးမည်ဟုဆိုကာ အဆိုပါ ကျေးရွာမှ ဒေသခံတချို့သည် ပြီးခဲ့တဲ့နှစ် ဧပြီလ အတွင်းက ဒေသခံ ရဝ ကျော်ထံမှ ငွေများ ကောက်ခံ သွားသည်ဟု ကျေးရွာသားများက ဆိုသည်။

“ပထမအသုတ်မှာတော့ ကျပ် ၂၂ ဝဝဝ စီသွင်းခဲ့ရပါတယ်။ ရ သောင်းတန်ပစ္စည်းတစ်ခုကို ၂၂ ဝဝဝ စီသွင်းရတယ်။ ၄ သောင်းတန်ကျတော့ ၁၂ ဝဝဝ အဲလိုသွင်းရပါတယ်။ ဆိုလာပြားက ၃ မျိုး ၃ စားဖြစ်တဲ့အတွက် ၃ သုတ် သွင်းရပါတယ်။ အဲဒီတုန်းက ငွေလာကောက်တဲ့အခါ ဒီ ၁ဝ ရက်၊ လခွဲအတွင်းမှာ ဆိုလာပြားရမယ်ဆိုပြီးတော့ ပြောခဲ့တယ်။ အခုထိမရသေးဘူး ” ဟု ငွေပေးသွင်းလိုက်ရသူ ဒေသခံ ကိုညီညီသန်းက နိရဥ္စရာသို့ပြောသည်။

ဒေသခံများအနေဖြင့် ဆိုလာပြားရလို၍ ငွေပေးလိုက်ကြရာတွင် ချေးငှားပေါင်နှံပြီး ပေးသွင်းလိုက်ရခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

“အဒေါ်တို့က ဆိုလာပြားမရရင်လည်း အဲဒီပိုက်ဆံကို အတိုးနဲ့ ပြန်လိုချင်တယ်။ အဒေါ်တို့မှာလည်း အဲဒီပိုက်ဆံတွေကို အတိုးနဲ့ ချေးထားရတာလေ” ဟု ငွေပေးသွင်းလိုက်ရသူ ဒေသခံ ဒေါ်ခိုင်စောလှက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ငွေလာရောက်ကောက်ခံခဲ့သူများကို နိရဥ္စရာသတင်းဌာနက သွားရောက်တွေ့ဆုံမေးမြန်းရာ သူတို့က ဆိုလာပြားများ မကြာခင်ရလာလိမ့်မည်ဟုဆိုသည်။

“ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနကနေပြီးတော့ ရွာမှာ ဆိုလာပြားရမယ်ဆိုပြီးတော့ ဟောပြောလို့ သူတို့တွေရောက်တယ်။ ရောက်တော့ ရွာကို စည်းရုံးလိုက်တယ်။ စည်းရုံးလိုက်တော့ ရွာက သူတွေက သဘောပေါက်လို့ ဒီလိုဒီလိုရမယ်ဆိုပြီးတော့ စိတ်ဝင်စားလို့ သူတို့ အသုတ်လိုက် ကောက်လိုက်တယ်။ အသုတ်လိုက်ကောက်လိုက်တဲ့အခါမှာ ပထမအသုတ်၊ ဒုတိယအသုတ်သွင်းလိုက်ပြီ။ ဒီ မတ်လ ဘတ်ဂျက်အကုန်လောက်မှာတော့ ရမယ်လို့ သူတို့က ပြောပါတယ်။” ဟု ငွေလာရောက်ကောက်ခံခဲ့သူ နေပူခံကျေးရွာနေ ဦးစိန်ကျော်ဝင်းက ပြောသည်။

လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာများတွင် ဆိုလာပြားရမည်ဟုဆိုကာ ငွေကောက်ခံသွားသည့်ယခုကဲ့သို့ဖြစ်ရပ်များသည် နေပူခံကျေးရွာအပြင် ကျောက်တော်မြို့နယ်ထဲမှ ပေါက်လေဝကျေးရွာ၊ ဘရဝါကျေးရွာနှင့် ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာတချို့တွင်လည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...