KBC ဥက္ကဌညှိနှိုင်းပေးမှုကြောင့် တပ်မတော်နှင့် KIO အပစ်ရပ်လက်မှတ်ထိုးတော့မည်ဟူသော သတင်းမှား

KBC ဥက္ကဌညှိနှိုင်းပေးမှုကြောင့် တပ်မတော်နှင့် KIO အပစ်ရပ်လက်မှတ်ထိုးတော့မည်ဟူသော သတင်းမှား

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson က ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးသောကြောင့် မကြာခင် Bilateral အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တော့မည်ဟူသောသတင်းသည် သတင်းမှားဖြစ်သည်ဟု သက်ဆိုင်သူများပြောသည်။

‘Mirror Kachin’ အမည်ရှိ လူမှုကွန်ယက်စာမျက်နှာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် KBC ဥက္ကဌ Rev. Dr. Hkalam Samson တို့သည် မကြာခဏတွေ့ဆုံဆွေးနွေးနေသောကြောင့် မကြာခင် တပ်မတော်နှင့် KIA သို့မဟုတ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့နှင့်အတူ တရုတ်ပြည်တွင် လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း ကချင်ဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး KBC ဥက္ကဌ Rev.Dr.Hkalam Samson ကို မေးမြန်းကြည့်ရာ ကာကွယ်ရေးဦးစီးချုပ်ဖြင့် တစ်ခါမျှသာ တွေ့ဆုံဖူးကြောင်းနှင့် အဆိုပါသတင်းသည် အမှားဖြစ်ကြောင်း ပြောဆိုသည်။

“အဲ့အကောင့်ပိုင်ရှင်ရေးသားထားတဲ့ပုံစံက စစ်တပ် ၂ ဖက် သဘောတူညီလက်မှတ်ထိုးဖို့ ကျနော်ကဘဲ ကြားကနေ ညိနှိုင်းပေးနေတဲ့ပုံစံဖြစ်နေတယ်။ ဒါကလုံးဝမဟုတ်ပါဘူး။ အဲ့လို ၂ ဖက်ကြား Bilateral လက်မှတ်ထိုးဖို့ ညိနှိုင်းပေးဖို့လည်း ကျနော့်အလုပ်မဟုတ်သလို သက်ဆိုင်မှုလည်းမရှိဘူး။ မထိုးဖို့တောင်ပြောဆိုနေတာ အားလုံးသိပါတယ်။ အခုနောက်ပိုင်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ သဘောတူညီရင် ထိုးမယ်ဆိုတာကလည်း အားလုံးသိကြပါတယ်။ ဒါပေမယ့် အဲ့လုပ်ငန်းစဉ်တွေက အခုထိမအောင်မြင်သေးဘူး။ သတင်းအမှားဖြစ်တယ်” ဟု ပြောဆိုသည်။

‘Mirror Kachin’ သည် အဆိုပါသတင်းကို Mizzima TV မှ ကိုးကားကာ ရေးသားထားသည်ဟု ဖော်ပြထားသည်။

Mizzima အနေဖြင့်လည်း အင်တာဗျူး လာရောက်မေးမြန်းခြင်းမရှိသည်မှာ ကြာပြီဖြစ်ကြောင်း Rev. Dr. Hkalam Samson က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း လတ်တလောငြိမ်းချမ်းရေးဆွေးနွေးမှုများ မရှိကြောင်း ကချင်သတင်းဌာန KNG ကို ပြောသည်။

‘Mirror Kachin’ အကောင့်က သုံးစွဲထားသောဓါတ်ပုံမှာ ၂၀၁၉ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင်တွေ့ဆုံခဲ့သော ဓါတ်ပုံဖြစ်သည်ကို တွေ့ရသည်။

တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေဆုံချိန် Rev. Dr. Hkalam Samson က တင်ပြခဲ့မှုနှင့်ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုခဲ့သော်လည်း ပြန်လည်ရုပ်သိမ်းသွားပြီးနောက် ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ခေါ်မှုအရ နေပြည်တော်တွင် သွားရောက်တွေ့ဆုံချိန် ရိုက်ကူးထားသောပုံဖြစ်သည်ဟု ဆိုသည်။

‘Mirror Kachin’ Facebook အကောင့်ပိုင်ရှင်က အဆိုပါသတင်းမှားကို အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်တွင် ရေးသားခဲ့သည်။

ယခုသတင်းအမှားကို ပြန်လည်မျှဝေသူ ၁၀၇ ဦးရှိနေပြီး ကောမန့်ရေးသားသူများတွင်လည်း သတင်းအမှားအမှန်ကိုသိလိုကြောင်း မေးမြန်းမှုများရှိနေသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev.Dr.Hkalam Samson သည် ကချင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် လုပ်ဆောင်နေသော (Kachin Humanitarian Concern Committee) KHCC အဖွဲ့၏ ဥက္ကဌလည်းဖြစ်သည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...