ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင် ကွယ်လွန်

ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင် ကွယ်လွန်

မြန်မာသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦး အုန်းကြိုင်သည် အောက်တိုဘာလ ၂၃ ရက် မွန်းလွဲပိုင်းက ကွယ်လွန်သွားခဲ့သည်။  

တပ်မတော်ကုတင် ၁ဝဝဝ ဆေးရုံတွင် မွန်းလွဲ ၃ ခွဲနာရီခန့်က ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီးဖြစ်ကြောင်း သိရသည်။  

မြန်မာသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က “အတွေ့အကြုံရှိတဲ့ သတင်းစာဆရာတစ်ဦး၊ အတွေ့အကြုံဆိုတာလည်း လွတ်လပ်ရေး ရခါစအချိန်ကတည်းက သတင်းစာဆရာတစ်ဦးဆိုတာက ဒီဘက်ခေတ်မှာ မရှိသလောက်ဖြစ်သွားပြီ။ ကောင်စီအတွက် ဆုံးရှုံးမှုတစ်ခုပါ” ဟု ပြောသည်။  

ပြီးခဲ့သည့် တစ်လခန့်ကတည်းက နေမကောင်းသဖြင့် တပ်မတော်ကုတင် ၁ဝဝဝ ဆေးရုံတက်ပြီးနောက် စစ်ဆေးကြည့်ရာ COVID-19 ရောဂါ ပိုးတွေ့ရှိသည့်အတွက် ဆေးရုံတွင် ကုသမှု ခံယူနေခဲ့ရသည်။ COVID-19 ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် ဆေးရုံဆင်းရန် ပြင်ဆင်နေချိန်တွင် အူလမ်းကြောင်းပိတ်ဆို့ကာ အူပေါက်သည့်အတွက် ခွဲစိတ်မှု ပြုလုပ်ပြီးနောက်ပိုင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

ဦးအုန်းကြိုင်ကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့တွင် ၁၉၂၆ ခုနှစ်က မွေးဖွားခဲ့ပြီး အင်းစိန်တွင်ပင် မူလတန်း၊ ဟိုက်စကူးကျောင်းတို့တွင် ပညာသင်ကြားကာ ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့နှင့် စာနယ်ဇင်းပညာ ဒီပလိုမာဘွဲ့တို့ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေသော “သူတို့ပြောသည့် မြန်မာ့သတင်းမီဒီယာသမိုင်း” စာအုပ်တွင် ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဟံသာဝတီသတင်းစာ၌ သတင်းထောက်အဖြစ် စတင် အမှုထမ်းခဲ့သည်။ ဟံသာဝတီ သတင်းစာတိုက်တွင် တာဝန်ထမ်းဆောင်စဉ် ၁၉၅၄ ခုနှစ်နှင့် ၁၉၆၀ ပြည့်နှစ်တို့တွင် ‘သတင်းထူးချွန် ရွှေကလောင်ဆု’ နှစ်ကြိမ်တိုင် ချီးမြှင့်ခံရပြီး ပတ်ကား ၆၁ ရွှေရောင် ဖောင်တိန်တစ်စုံနှင့် ငွေကျပ် ၅၀၀၀ ချီးမြှင့်ခံခဲ့ရသည်။ ကလောင်အမည်မှာ “ဟံသာဝတီ-အုန်းကြိုင်” ဖြစ်သည်။

နောက်ပိုင်းတွင် ခေတ်သစ္စာ သတင်းစာ တာဝန်ခံအယ်ဒီတာ၊ အမျိုးသားသတင်းစာတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ အသက်အရွယ် ကြီးရင့်လာသည့်တိုင် ကြေးမုံ၊ မြန်မာ့အလင်း၊ ဒီမိုကရေစီတူဒေး၊ စံတော်ချိန်၊ မြဝတီ စသည့် စာနယ်ဇင်းများ၌ စာများ ဆက်လက် ရေးသားခဲ့သည်။

မြန်မာသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ကွယ်လွန်သွားသောကြောင့် ဥက္ကဋ္ဌရာထူးအတွက် ကောင်စီအတွင်းမှာပင် ပြန်လည်ရွေးချယ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...
August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...