စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ကလေး ငယ်တစ်ဦးအပါအဝင် ဒေသခံ ငါးဦး ရေဘေးကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။
“ကျနော်တို့ သိရသလောက်ကတော့ သေဆုံးသူ ငါးဦးရှိသွားပါပြီ၊ အခု မိုးတိတ်ပြီး ရေကတော့ ပြန်ကျနေပြီ၊ နောက်ဆက်တွဲ သန့်ရှင်းရေးလုပ်ရမှာရှိပါမယ်” ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေပြန်ကျသွားသော်လည်း အချို့နေရာများတွင် ရွှံ့နွံများ ထုထည်ကြီးမားစွာ ကျန်ရှိနေသေးသဖြင့် သန့်ရှင်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေသည်။ ထို့အပြင် ရေကြီးမှုနောက်ဆက်တွဲအဖြစ် ဝမ်းရောဂါနှင့် အရေပြား ရောဂါများ ဖြစ်ပွားနိုင်သဖြင့် သတိထားကြရန်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက သတိပေးထားသည်။
သွီငိုးချောင်းတစ်လျှောက် ရေထဲမျောပါလာသည့် ထင်းများ ဆယ်ယူနေသည့် မောင်အောင်ဖွေးဝင်း (အသက် ၁၅ နှစ်) သည် ဖခင်ဖြစ်သူနှင့်အတူ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး ကူညီကယ် ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိချိန်တွင် သေဆုံးနေပြီဖြစ်သည်။
ထို့ပြင် လက်ပံချောင်းကျေးရွာတွင် နွားကျောင်းနေသည့် အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးသည် စက်တင် ဘာလ ၄ ရက်က ရေထဲသို့ မတော်တဆ ချော်ကျမျောပါသွားခဲ့ရာ စက်တင်ဘာလ ၅ ရက် နေ့လယ်ပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
ကလေးမြို့နယ်၊ လက်ပံချောင်းရွာအရှေ့ဘက် ချမ်းသာရွာအစွန်၌လည်း စက်တင်ဘာလ ၃ ရက် ညနေပိုင်းက တောင်ယာအလုပ်မှ ပြန်လာသူများက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သဖြင့် စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် ဆယ်ယူခဲ့ကြသည်။
အဆိုပါ ရုပ်အလောင်းကို ချမ်းသာသုဿာန်၌ သင်္ဂြိုဟ်ပေးခဲ့ပြီး သေဆုံးသူနှင့် ပတ်သက်သည့် အချက်အလက် များ သိရှိပါက အကြောင်းကြားဆက်သွယ်ပေးရန် ကူညီကယ်ဆယ်ရေးအဖွဲ့များက အသိပေးထားသည်။
ကလေးမြို့၊ ကိုးမိုင်အရပ်တွင်လည်း စက်တင်ဘာလ ၃ ရက်က ရေတက်နေသည်ကို သွားရောက်ကြည့်ရှုသည့် ကလေးငယ်တစ်ဦး မြေပြိုကျမှုကြောင့် ရေထဲမျောပါ၍ သေဆုံးခဲ့ရသည်။
စက်တင်ဘာလ ၂ ရက် ညနေပိုင်းကလည်း ကလေးမြို့၊ ဥပုသ်ချောင်း ရေလျှံမှုကို သွားရောက်ကြည့်ရှုခဲ့သည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရုတ်တရက် မြေပြိုကျကာ ရေစီးတွင် မျောပါခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ဆေးရုံကြီးအနီးတွင် ပြန်လည်တွေ့ရှိခဲ့ရသည်။
ပြီးခဲ့သည့်အပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ချင်းတောင်ပေါ်မှ တောင်ကျချောင်းရေများ စီးဆင်းမှု ကြောင့် ကလေးမြို့ရှိ မြစ်သာမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့ပြီး နတ်ချောင်း၊ အောင်မြင်သာ၊ ဆည်ကြီး၊ နတ်နန်း၊ ဇင်းကလင်းနှင့် ဥပုသ်ချောင်းတို့အပြင် မြေနိမ့်ပိုင်း ရပ်ကွက်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရေကြီးရေလျှံမှုကြောင့် လူနေအိမ်များနှင့် လယ်ယာစိုက်ခင်းများ ပျက်စီးခဲ့ပြီး အသေးစိတ် ဆုံးရှုံးမှုတန်ဖိုးကိုမူ မတွက်ချက်နိုင်သေးကြောင်း ရေကြီးမှုဖြစ်စဉ်ကို စောင့်ကြည့်နေသည့် ဒေသခံတစ်ဦးက ဆိုသည်။
ကလေးမြို့နယ် အရှေ့၊ တောင်နှင့် မြောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံများ ရွှေ့ပြောင်းနေထိုင်နေရပြီး မြို့ပေါ် ရှိ ကျောင်းများတွင် လူဦးရေ ၁,၀၀၀ ကျော် ယာယီရေဘေးရှောင်နေကြရသည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် စိုးရိမ်ရေအမှတ်ထက် နှစ်ပေခန့် ကျော်လွန်ရောက်ရှိခဲ့ပြီး ၃၆ နာရီအတွင်း စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။







