AA ကိုသတင်းပို့သည်ဟု စွပ်စွဲခံရသောရဲတပ်သား ထောင်ဒဏ် ၃ နှစ်ချခံရ

AA ကိုသတင်းပို့သည်ဟု စွပ်စွဲခံရသောရဲတပ်သား ထောင်ဒဏ် ၃ နှစ်ချခံရ

ထွန်းခိုင် — ရက္ခိုင့်တပ်တော် (AA) ကို သတင်းပို့သည့်စပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့နယ်မှ ဖမ်းဆီး ခံထားရသော ရဲတပ်သား ကိုရဲကိုနိုင်အား ရဲတရားရုံးမှ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

အစ်မဖြစ်သူ မခင်မီမီအောင်က “ ၉ ရက်နေ့  ၉ လပိုင်းက ထောင် ၃ နှစ်ချမှတ်လိုက်တယ်ဆိုတာကို ကျမတို့က ဒီလ ၁၈ ရက်နေ့ကမှ သိရတယ်။ သူကို အစပိုင်းက အကြမ်းဖက်မှုနဲ့ စွဲထားတာ။ အခုထောင်ချ လိုက်တာကတော့ ရဲတရားရုံးက ချလိုက်တယ်လို့ ပြောတယ်။ ပြောလာတာကတော့ ကျောက်ဖြူထောင်က ရဲတစ်ယောက်က ရဲကိုနိုင်ပြောခိုင်းလို့ ဆိုပြီး ကျမတို့ဆီကို ဖုန်းဆက်ပြီး အကြောင်းကြားလာတာပါ။ အခုသူကို ဘယ်ပုဒ်မနဲ့ ထောင်ဒဏ်ချလိုက်တယ်ဆိုတာကိုလည်း ကျမတို့မသိဘူး” ဟုပြောသည်။

ရဲတပ်သား ကိုရဲကိုနိုင် အသက် (၂၇)နှစ်သည် ကျောက်ဖြူမြိ့နယ်၊ စနဲရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် AA အား သတင်းပေးပို့သည်ဟုဆိုကာ ၂ဝ၂ဝ ခုနှစ် ဇွန် ၂၈ ရက်နေ့က ဖမ်းဆီးခဲ့သည်။

၎င်းသည် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းရွာ၊ ဇာတိဖြစ်ကြောင်း သိရသည်။

ကိုရဲကိုနိုင်အား ယခုလိုမျိုး ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်သည့်အပေါ် ပွင့်လင်းမြင်သာမှုရှိဖို့လိုကြောင်း အစ်မဖြစ်သူကဆက်ပြောသည်။

ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းဆရာတော် ဦးတေဇောဘာသကလည်း ရဲကိုနိုင် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်းကို နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောသည်။

ဦးတေဇောဘာသက  “ ၉ လပိုင်း ၉ ရက်နေ့က မည်သူတစ်ယောက်ကိုမှ အသိမပေးဘဲ ကိုရဲကိုနိုင်ကို ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်။ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကိုလည်း အသိမပေးဘဲ ထောင် ၃ နှစ် ချမှတ်လိုက်တယ်။ သူကို ထောင်ချလိုက်တဲ့ အကြောင်းကို ဟိုတစ်နေ့ကမှ ရဲတစ်ယောက်က အကြောင်းလာကြားတယ်လို့ မိသားစုဝင်တွေက ဦးဇင်းကိုပြောတယ်”ဟု မိန့်ကြားသည်။

အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်လင်းလင်းခိုင်က ကိုရဲကိုနိုင်အား ထောင်ဒဏ်  နှစ်ချမှတ်လိုက်သည့်အပေါ် သူ့အနေဖြင့်မသိရှိကြောင်း ပြောကြားသည်။

“ ကျမတို့တရားရုံးကတော့ ဒီနေ့အချိန်ထိ အမှုကမစစ်ရသေးဘူး။ ကိုဗစ်နဲ့ဖြစ်လို့ ရမန်ယူတုန်းပဲ ရှိသေးတယ်။ ရဲတရားရုံးကများ ချမှတ်လိုက်တာလာတော့ ကျမတို့မသိဘူး။ ကျမတို့ တရားရုံးမှာတော့ စွဲချက် တင်တာတွေလည်း မရှိသေးဘူး။ အမှုက လုံးဝမစစ်ရသေးဘူး” ဟု ပြောသည်။

ရဲတပ်သားကိုရဲကိုနိုင်အား ထောင်ဒဏ် (၃) နှစ်ချမှတ်လိုက်ခြင်းမှာ ဟုတ်မှန်ကြောင်း ကျောက်ဖြူရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးကပြောသည်။

“ သူက ရဲစည်းကမ်းအရ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်။ ဒါက ရဲတရားရုံးကနေ ချတဲ့ အမိန့်ပါ။ ဘယ်နေ့က ချတယ်။ ဘယ်အမှုနဲ့ချလိုက်တယ်ဆိုတာကိုတော့ကျနော်လည်း မသိဘူး” ဟုပြောသည်။

ကိုရဲကိုနိုင်အား အကြမ်းမှုဖက်ဥပဒေပုဒ်မ  (၅ဝ-ည)၊ (၅၂- က)တို့ဖြင့် ကျောက်ဖြူ အခြေစိုက် အမှတ် (၃၄) ခြေမြန်တပ်ရင်းမှ ဗိုလ်အောင်ဖြိုးဦးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့သည်။  သူ့အမှုအားစစ်ဆေးသူမှာ ကျောက်ဖြူရဲစခန်းမှ ရဲမှူးအောင်မော်ဖြစ်ကြောင်း သိရှိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...