နိုင်ငံတော်က ညွန်ကြားထားတဲ့အတိုင်း ဥပဒေနှင့်အညီလုပ်ဆောင်နေကြောင်း နိုင်ငံသား ကဒ်ပြား ထုတ်ပေးတာနှင့် ဘင်္ဂလီကို ကမန်လုပ်ပြီး ထုတ်ပေးတာဟု မြင်နေကြတာဟု သံတွဲမြို့နယ် လဝကဦးစီးမှူး ဦးစိုးနောင် ကပြောသည်။
‘‘ ရုံးချုပ်က ကမန်အများစုနေထိုင်တဲ့ရွာတွေကို ရွာတွေထိဆင်းပြီးတော့ အမှုတွဲတွေလာရောက်ပြုစုတယ်။ ရုံးလက်ခံမှတ်တမ်းတွေနဲ့စစ်ဆေးပြီး ပုံစံမှာဖြည့်ပါတယ်။ မှတ်တမ်းထိမ်းဗဟိုဌာနကို စာရင်းလှမ်းတောင်း စတဲ့အထောက်အထားစုံတဲ့အခါ စိစစ်တယ်။ ကမန်ဖြစ်ရင် ကမန်ပေါ့။ ဘင်္ဂလီနှောတဲ့လူကို ဘင်္ဂလီနှောလို့ ထုတ်ပေးပါတယ်။ ကဒ်ထုတ်ပေးတဲ့နေရာမှာ ကမန်ရှိတယ်။ ဘင်္ဂလီရှိတယ်။ ဘင်္ဂလီ-ကမန်နှောရှိတယ်။ အဲလို ဥပဒေအတိုင်း ထုတ်ပေးခြင်းဖြစ်ပါတယ်။ နိုင်ငံသားကဒ်ထုတ်ပေးတာနဲ့ ဘင်္ဂလီတွေကိို ကမန်လုပ်ပြီး နိုင်ငံသားကဒ်ပေးနေတယ်လို့ မြင်ကြတာဖြစ်တယ်’’ဟု လဝကဦးစီးမှူး ဦးစိုးနောင် ကပြောသည်။
သံတွဲမြို့မှ ဦးမြင့်မိုးက သံတွဲမြို့နယ်တွင် ဘင်္ဂလီ(၁၀၀၀၀)၀န်းကျင်ရှိသည့်အနက် ၀ိှုက်ကိုင်ဆောင်သူ (၆၀၀၀)ခန့်ရှိကြောင်း ဘင်္ဂလီများကို ကမန်ဟုဆိုကာ နိုင်ငံသားကဒ်ထုတ်ပေးထားသော လဝကမှ စာရင်းအတိအကျကို ရရှိထားကြောင် ပြောကြားသည်။
၂၀၁၃ခုနှစ်မှ ၂၀၁၆ မေလ (၂၂)ရက်နေ့ထိ ဘင်္ဂလီ ကျား (၅၄၈)ဦးနှင့် မ(၆၉၆)ဦး စုစုပေါင်း(၁၂၄၄)ဦးအား ကမန်ဟုဆိုကာ ထုတ်ပေးထားပြီဖြစ်ကြောင်း ဒီလောက် အရေအတွက်နှင့် ရပ်သွားရင်တော့ မျက်စိမှိတ်ပြီး လက်ခံနိုင်ကြောင်း သူက ဆက်လက် ပြောသည်။
‘‘၂၀၁၃ခုနှစ်က ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်မှာ သံတွဲမြို့နယ်မှာရှိတဲ့ လူဦးရေစာရင်းကို တောင်းကြည့် တဲ့ အခါ လူဦးရေ (၁၂၀၀၀၀)ရှိတယ်။ အဲဒီထဲမှာ ဘင်္ဂလီ(၁၀၀၀၀)၀န်းကျင်နဲ့ ကမန် (၄၇၄)ဦးရှိတယ်။ အဲဒီနောက်ပိုင်းမှာ နောက်ထပ် ဟိုကဒီက ပြောင်းလာသူတွေလည်းရှိတယ်။ အများစုက ကျောက်နီမော် ကပါ။ ပြီးတော့ လဝကမှာ ကမန်ဆိုပြီးတော့ နိုင်ငံသားလျှောက်ကြတယ်။ လဝက၊ ထွေအုပ်၊ မြို့နယ်ရဲမှူး ပါတဲ့ စုံးစမ်းစစ်ဆေးရေးကော်မတီ(၅)ဦးဖွဲ့တယ်။ ယင်းအဖွဲ့ကို လေ့လာစောင့်ကြည့်ဖို့အတွက် ကျနော်တို့ မြို့ခံတွေနဲ့ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့လိုက်တယ်။ အဲဒီအဖွဲ့မှာ ကျနော်က အတွင်းရေးမှူးပါ။ ကျနော်တို့က ဘယ်လောက်ပဲပြောပြော (၅)ဦးကော်မတီက အတည်ပြု လက်မှတ်ထိုးပေးလိုက်တဲ့လူကို လဝက ကမလွဲမသွေ နိုင်ငံသားကဒ် ထုတ်ပေးရတယ်လို့ ပြောပါတယ်။ စုံစမ်းစစ်ဆေးရေး(၅)ဦးကော်မတီက သဘောတူတဲ့သူ အားလုံး ကမန် ဖြစ်သွားတဲ့ သဘောပါ’’ဟု သူကပြောသည်။
စစ်တွေမြို့၊ ၀င်္ကဘာကွင်းတွင်လည်း ရခိုင်ပြည်နယ်မှ ဘင်္ဂလီများကို ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ မစိစစ်ဘဲ နိုင်ငံသားပေးနေတဲ့အပေါ် ရပ်တန့်ပေးဖို့ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှ ဒေသခံများ မတ်လ(၂၁)ရက်နေ့မှ (၂၅)ရက်နေ့ထိ (၅)ရက်ကြာ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်နေကြောင်းသိရသည်။







