ဆေးကုခွင့်မရရာမှ အမ်းမြို့နယ်ကကျည်စထိမှန်ဒဏ်ရာရသူ ငါးဖမ်းသမားနှစ်ဦးအနက် တစ်ဦးသေဆုံး

ဆေးကုခွင့်မရရာမှ အမ်းမြို့နယ်ကကျည်စထိမှန်ဒဏ်ရာရသူ ငါးဖမ်းသမားနှစ်ဦးအနက် တစ်ဦးသေဆုံး

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ရွာဟောင်းမှ အောက်တိုဘာလ ၁ဝ ရက်နေ့ကလက်နက်ကြီးကျည်စ ထိမှန်၍ ဒဏ်ရာရရှိခဲ့သူ ငါးဖမ်းသမားနှစ်ဦးအနက် တစ်ဦးမှာ အချိန်မီဆေးကုသခွင့်မရရှာမှ တစ်ရက်အကြာတွင် သူ၏ ရွာ၌ သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ဦးစိန်ဝင်းမောင်(၄ဝ)နှစ်ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့ ည ၉ နာရီခန့်တွင် သေဆုံးသွားကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိခဲ့သည့် နောက်တစ်ယောက်ဖြစ်သူ ဦးသိန်းမြင့်(၅ဝ)နှစ်မှာလည်း ညာခြေသလုံးအောက်ပိုင်းကို ဖြတ်ရမည့် အခြေအနေသို့ ရောက်နေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနအားပြောသည်။

“ အဲဒီနေ့က ဒဏ်ရာရကတည်းက အခြေအနေက မကောင်းတော့ဘူး။ ဆေးရုံလည်း မသွားရဘူး။ မနေ့ကတော့ မျောမျောပဲဖြစ်နေလို့ အခြေအနေ မကောင်းတာတော့ သိတယ်။ မနေ့က ညပိုင်းလောက်က သေတာပါ။ မိသားစုဝင်တွေကလည်း ရွာက ထွက်ပြေးနေလို့ အဆက်သွယ်လုပ်နေတယ်။ မရသေးဘူး”ဟု ပြောသည်။

တပ်မတော်မှလုံခြုံရေးယူထားသည့်  ဂြိတ်ချောင်းနှင့် ကဇူးကိုင်းအနီး တောင်တန်း များဘက်မှ လာသည့် လက်နက်ကြီးကျည်မှာ ၎င်းတို့၏ ငါးဖမ်းစက်လှေပေါ်တွင် ကျရောက် ပေါက်ကွဲခဲ့ကာ ငါးဖမ်းသမား နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လမ်းခရီးဖြတ်သန်းသွားလာခွင့် မရရှိသဖြင့် ဆေးရုံသို့ မြို့ပေါ်သို့ ဆေးကုသရန်သွားရောက်ခွင့်မရှိခဲ့ကြောင်း အမ်းမြို့နယ်တွင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ကိုမျိုးလွင်က ပြောသည်။

“ဆေးရုံတင်ခွင့်မရခဲ့လို့ အခုလိုသေရတာပါ။ နောက်တစ်ယောက်ကိုလည်း စိုးရိမ်ရတယ်လို့ ရွာသားတွေက ပြောတယ်။  မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကူညီချင်တာဟုတ်တယ်။ ဒါပေမဲ့ အရင်တခေါက် လက်နက် ထိမှန်လို့ ဒဏ်ရာရကြတုန်းက သူကိုယ်တိုင်ကားလွှတ်ပြီး သွားခေါ်ခိုင်းတာတောင်ဖြတ်ခွင့်မရလို့ ပြန်လှည့် ခဲ့ရတာ ရှိတယ်။ သူ့အနေနဲ့ လုပ်ပေးလို့ အဆင်မပြေတာတွေရှိမယ်ဆိုတာသိတယ်။ အခုလူနာတွေကတော့ ကျွန်တော်တို့ဒီတိုင်းပဲဆေးကုသခွင့်မရဘဲ တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ”ဟု ပြောသည်။

အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်အား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ၎င်းမှာသိရှိခြင်းမရှိကြောင်း၊ သူ့အား ဆက်သွယ်လာကြစေချင်ကြောင်း ဖြေကြားခဲ့သည်။

အမ်းမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း ယခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းအား ညနေ ၆ နာရီခန့်က ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့်ကြားသိခြင်း မရှိသည့်အတွက် စုံစမ်းနေကြောင်း စုံစမ်းသိရှိပါက အကြောင်းပြန်ပေးမည်ဟု ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဓာတ်ပုံ- Rakhine Thahaya Yangon Page
April 11, 2024
ရန်ကုန်မှ နေရပ်မပြန်နိုင်ကြသော ရခိုင် တက္ကသိုလ်ကျောင်းသားများအား ရခိုင်သဟာယအသင်းက...
April 9, 2024
စွမ်းအင်ကုမ္ပဏီ Chevron သည်မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်ခွာသွား...