လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ အာရက္ခ (ရခိုင်) ပြည်သူ ၃၃ ဦး သေဆုံးကာ ၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာက ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
အဆိုပါ သေဆုံး၊ ဒဏ်ရာရသူ အများစုမှာ ရခိုင်ပြည်အတွင်း သံတွဲမြို့၊ ငပလီမြို့၊ သံတွဲမြို့နယ် ကျောက်ကြီး ကျေးရွာ၊ မြောက်ဦးမြို့၊ အမ်းမြို့နယ် တလိုင်းတောင်ကျေးရွာ၊ ဂွမြို့နယ် ကျိန္တလီမြို့၊ ကိုင်းခုံကျေးရွာနှင့် ညောင် ချောင်းကျေးရွာ စသည့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နေရာများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ကြောင့် ဖြစ်သည်။
ရခိုင်ပြည်အတွင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ၂၉ ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ရခိုင်ရိုးမနှင့် အစပ် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင်လည်း ဩဂုတ်လ ၅ ရက်က လေကြောင်း တိုက်ခိုက်ခံရသဖြင့် အာရက္ခပြည်မှ စစ်ရှောင်နေသည့် ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ရသည်။
ထို့ကြောင့် ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းအတွင်း လေကြောင်း ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ စုစုပေါင်း ၃၁ ဦးနှင့် ဒဏ်ရာရရှိသူ ၅၆ ဦး ရှိခဲ့သည်။
ကျန်သေဆုံးသူ နှစ်ဦးအနက် တစ်ဦးမှာ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှ ဦးညွန့်ချေ (၄၇ နှစ်) ဖြစ်ပြီး ဩဂုတ်လ ၃ ရက် မွန်းလွဲ ၂ နာရီခန့်က အောင်တိုင်ကျေးရွာအနီး “ပေါ်ကုန်းကျွန်း” ၌ စစ်ဘေးရှောင်များနှင့်အတူ ငါးဖမ်းနေစဉ် နံ့သာကျွန်းအောက်ဘက် အောင်တိုင်ချောင်းဝတွင် ရပ်ထားသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော (Navy) နှစ်စီးက ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရကာ အခြားစစ်ရှောင် နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
အခြား သေဆုံးသူတစ်ဦးမှာ စစ်တွေမြို့၊ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ စစ်တွေဗျိုင်းဖြူရွာ သား ဦးသာဟန် (၅၈ နှစ်) ဖြစ်ပြီး စစ်အုပ်စုတပ်၏ စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသည့် ဒဏ်ရာများဖြင့် ဩဂုတ်လ ၂၅ ရက်တွင် စစ်တွေဆေးရုံ၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။
အလားတူ စစ်အုပ်စုတပ်သည် ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်ရှိ AA ထိန်းချုပ်ထား သော ပလက်ဝဒေသကိုလည်း ဩဂုတ်လအတွင်း အကြိမ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ဩဂုတ်လ ၁၁ ရက်တွင် ပလက်ဝမြို့၌ ကျောင်းသူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဩဂုတ်လ ၁၂ ရက်တွင် ဆမီးမြို့၌ ကျောင်းသူတစ်ဦး သေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဩဂုတ်လ ၂၄ ရက်တွင် စိမ်းညှင်းဝကျေးရွာ၌ ကလေးတစ်ဦး အပါအဝင် ငါးဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့သလို၊ ဩဂုတ်လ ၂၆ ရက်တွင် မီးဇာကျေးရွာ၌ သားအမိနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ သည်။







