တစ်ခါသုံး နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်လို

တစ်ခါသုံး နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်လို

သက်ပိုင် — လက်ရှိဖြစ်ပွားနေသည့် COVID-19 ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် အသုံးပြုပြီးသော တစ်ခါသုံး Mask(နှာခေါင်းစည်း)များကို စနစ်တကျပြန်လည်စွန့်ပစ်ရန်လိုကြောင်း ကျန်းမာရေးပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။

“သုံးပြီးသား Mask တွေကို စနစ်တကျစွန့်ပစ်ဖို့လိုတယ်။ အဖုံးပါတဲ့ အမှိုက်ပုံးထဲ ထည့်ရမယ်ဆိုတာမျိုးပေါ့။ ဒါမှ မဟုတ်ရင် အဲဒီကတစ်ဆင့် ပြန်ကူးနိုင်တာပေါ့။ အမှိုက်ပုံးထဲရောက်ပြီးမှ မလုံခြုံဘူးဆိုရင် ထိတွေ့ကိုင်တွယ်မှု ရှိခဲ့ရင် အနားကလူတွေကို ထိမှာပါပဲ။ သုံးပြီးသွားရင်တော့ ဘယ်လိုမှ ပြန်မသုံးတာ အကောင်းဆုံးပါပဲ” ဟု စစ်တွေပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကဆိုသည်။

လူတစ်ဦးသုံးစွဲပြီးသော တစ်ခါသုံး Mask မှလည်း ရောဂါပိုးကူးစက်နိုင်ခြေ ရှိသည့်အတွက် ပြည်သူများအနေဖြင့် အသုံးပြုပြီးသား တစ်ခါသုံး Mask များကို ထိတွေ့ကိုင်တွယ်ရာတွင် အထူးဂရုစိုက်သင့်ကြောင်း ၎င်းကဆိုသည်။

“Mask တွေက ကိုဗစ်အပြင် အခြားအခြားသော ရောဂါတွေရှိနေရင်လည်း အဲဒီ Maskတွေကို ထိတွေ့ကိုင်တွယ်လိုက်တာနဲ့ အဲ့ဒီလူဆီကို Mask အသုံးပြုထားသူရဲ့ရောဂါမှန်သမျှ ကူးစက်နိုင်တဲ့အနေအထားမှာရှိတယ်။ အချိန်ကာလတစ်ခုတော့ရှိတာပေါ့နော်။ ဒါပေမယ့် အရမ်းအန္တရာယ်များလွန်းပါတယ်” ဟု ရန်ကုန်မြို့မှ ဒေါက်တာစိုပြေအောင်ဝင်းက ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ Quarantine Center များမှ ထွက်ရှိသောအမှိုက်များကို စနစ်တကျမြေမြုပ်မှုများ လုပ်ဆောင်နေကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက ပြောသည်။

သို့သော် အိမ်သုံးစွန့်ပစ်အမှိုက်များနှင့် ရောနှောပါလာသည့် Mask များကို သီးခြားစွန့်ပစ်ရန် အဆင်မပြေမှုများ ရှိနေကြောင်းလည်း ၎င်းကဆက်ပြောသည်။

“ကျွန်တော်တို့ ပုံမှန်သိမ်းတဲ့အမှိုက်ပုံမှာကျတော့ အားလုံးစုထားတာဆိုတော့ ထုပ်ပိုးပြီးသားမရှိပါဘူး။ အကုန် စုနေတာမျိုးလေ။ အကုန်ရောနေတာမျိုးပေါ့။ အခုကမိုးရာသီဆိုတော့ မီးရှို့လို့တော့မရဘူးပေါ့။ ဒီကြားထဲမှာ စားဝတ်နေရေးအတွက် အမှိုက်လာကောက်တဲ့လူတွေတော့ရှိတာပေါ့။ သူတို့ကိုလည်း ဒါတွေက အန္တရာယ်ရှိတဲ့ အကြောင်းပြောပြထားပါတယ်”ဟု သူကဆိုသည်။

COVID-19 ရောဂါကာကွယ်ရန်အတွက် Mask တပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားပြီး တစ်ခါသုံး Mask များကို အဆမတန်အသုံးပြုနေခြင်း၊ စနစ်တကျ ပြန်လည်စွန့်ပစ်မှုများ အားနည်းခြင်းတို့ကြောင့် နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပြည်သူလူထုကျန်းမာရေးနှင့် ဂေဟစနစ်ကို ထိခိုက်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူများက ထောက်ပြပြောဆို ကြသည်။

“တစ်ခါသုံး Mask တွေကို စနစ်တကျစွန့်ပစ်မှုတွေမရှိဘူးဆိုရင် အရင်ဆုံးအနေနဲ့ ပတ်ဝန်းကျင်မှာ အမှိုက် ပွတာတွေဖြစ်လာမယ်။ Mask တွေက ၂ နှစ်လောက်နေရင်တော့ ပျက်စီးကောင်းပျက်စီးနိုင်တယ်ပေါ့နော်။ ဒါပေမယ့် ဘယ်လောက်ထိပျက်စီးမယ်၊ ဘယ်လိုပျက်စီးမယ်ဆိုတာတော့ အတိအကျပြောဖို့ခက်မယ်။ ဒါပေမယ့်ဒီကြားထဲမှာ အဲ့ဒီ Mask တွေကြောင့် မြို့အင်္ဂါရပ်မြင်ကွင်းတွေကို အရုပ်ဆိုးအကျည်းတန် စေမှာတော့ အသေအချာပါပဲ။ ဒါတွေကိုလည်း သတိပြုဖို့လိုပါတယ်” ဟု စစ်တွေမြို့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် စိမ်းပြာအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာစုစုပေါင်း ၂၇,၉၇၄ ဦးရှိပြီး ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၉၈၁ ဦးနှင့် ဒုတိယအများဆုံး ဖြစ်ပွားလျက်ရှိနေသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...