မြန်မာသတင်းမီဒီယာကောင်စီမှ ရခိုင်တွင် အခြေခံ သတင်းပညာသင်တန်းပြုလုပ်

မြန်မာသတင်းမီဒီယာကောင်စီမှ ရခိုင်တွင် အခြေခံ သတင်းပညာသင်တန်းပြုလုပ်
မြန်မာသတင်းမီဒီယာကောင်စီနှင့် နိရဥ္စရာသတင်းဌာနတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် စစ်တွေမြို့ Strand Hotel တွင် မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ ၄ ရက်တာ အခြေခံ သတင်းပညာသင်တန်း တစ်ခုကို ပြုလုပ်လျက်ရှိသည်။

၄င်းသင်တန်းကို မြန်မာသတင်းမီဒီယာကောင်စီမှ ဒုဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်း၊ အတွင်းရေးမှူးဖြစ်သူ ဦးသီဟစောနှင့် ဦးကျော်စွာမင်း တို့မှ ကိုယ်တိုင် သင်ကြားပို့ချပေးနေခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ လက ကျွန်တော်ဘူးသီးတောင်ကို ရောက်ဖြစ်ခဲ့တယ်။ ရခိုင်လူထုတွေရဲ့ ဘဝအခြေအနေတွေကို မြင်တွေ့ရတော့ ကျွန်တော် ကြေကွဲဆို့နှင့်စွာ ခံစားခဲ့ရတယ်။ သယံ ဇာတ ပေါကြွယ်ဝတဲ့ ရခိုင်ပြည်နယ်က လူထုတွေဟာ ဒီလိုနိမ့်ကျနေတဲ့ ဘဝအခြေအနေမှာ မရှိနေသင့်ဘူးလို့ မြင်ပါတယ်။ ဒီလိုမျိုး ဘဝအခြေအနေတွေမှာ ရှိနေရတာဟာ ကျွန်တော်တို့ သတင်းသမားတွေရဲ့ လိုအပ်ချက်ကြောင့်လားလို့ မေးခွန်းထုတ်မိပါတယ်”ဟု ၀ါရင့်သတင်းပညာရှင် ဦးအောင်လှထွန်းက ပြောသည်။

မတ်လ ၂၁ ရက်နေ့က ပြုလုပ်သော အခြေခံသတင်းပညာ သင်တန်းသို့ ရခိုင်ဝါရင့်သတင်းစာဆရာ ဆရာကျွန်းသားငမန်းနှင့် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အတွင်းရေးမှူး ခိုင်ဆန်းအောင် တို့လည်း ဧည်သည်များ အဖြစ် တက်ရောက်ခဲ့ကြသည်။

“အယင် ၂၀၁၂ ခုနှစ်ကာလ မတိုင်ခင်တုန်းကဆိုရင် ရခိုင်ပြည်နယ်မှာ သတင်းသမား တော်တော် နည်းပါတယ်။ အခုအချိန်မှာတော့ မျိုးဆက်သစ် သတင်းသမားတွေ ပေါ်ပေါက်လာပြီးတော့ သတင်းမီဒီယာကောင်စီနဲ့ နိရဥ္စရာ သတင်းဌာနတို့က ဒီလိုမျိုး သတင်းပညာ သင်တန်းတွေ ပို့ချပေးနေတာတွေ့ရလို့ တော်တော် ၀မ်းသာအားရဖြစ်မိပါတယ်”ဟု ဆရာ ကျွန်းသားငမန်းက ပြောသည်။

သူ့အနေဖြင့် လူများယုံကြည်လောက်သည့် သတင်းသမားတစ်ဦးနှင့် စာရေးဆရာတစ်ဦးဖြစ်လာရန် နှစ်ပေါင်းများစွာ ကြိုးစားလာ ခဲ့ရကြောင်း၊ ၂၀၀၄ ခုနှစ်ရောက်မှ သူ့၏ အရည်အချင်းကို ယုံကြည် လာခဲ့ရကြောင်း၊ မျိုးဆက်သစ် သတင်းသမားများအနေဖြင့်လည်း ဇွဲရှိရှိဖြင့် ကြိုးစားစေလိုသည်ဟု ဆရာကျွန်းသားငမန်းက သင်တန်းသားများကို အားပေးစကား ပြောကြားခဲ့သည်။

၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ခိုင်ဆန်းအောင်ကလည်း သတင်းသမားများသည် သူတို့၏ သင်ယူရရှိခဲ့သော သတင်း ပညာဖြင့် အနိမ့်ကျဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်ကို သူတို့၏ ဘောင်ထဲမှ တတ်အားသရွေ့ အလုပ်အကျွေးပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာသတင်းမီင်္ဒီယာ ကောင်စီသည် ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းရင်းသားဒေသများတွင်လည်း သတင်းပညာများပို့ ချပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သင်တန်းဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကြိုးစားခဲ့သူ နိရဥ္စရာသတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော်က ဆိုသည်။

ယခုပြုလုပ်နေသော အခြေခံသတင်းပညာ သင်တန်းသို့ ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်သတင်း မီဒီယာများနှင့် သတင်းပညာကို စိတ်ဝင်စားသူ ၂၀ ခန့်တက်ရောက် သင်ယူလျက်ရှိသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...