တောင်ကုတ် ပဒါးရွာမကျေးရွာမှ ဖမ်းဆီးခံရသူနှစ်ဦးအနက်တစ်ဦးအား အကြမ်းဖက်မှုဖြင့် အရေးယူထားပြီး တစ်ဦးအား ပြန်လွှတ်ပေး

တောင်ကုတ် ပဒါးရွာမကျေးရွာမှ ဖမ်းဆီးခံရသူနှစ်ဦးအနက်တစ်ဦးအား အကြမ်းဖက်မှုဖြင့် အရေးယူထားပြီး တစ်ဦးအား ပြန်လွှတ်ပေး

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပဒါးရွာမကျေးရွာမှ ဖမ်းဆီးထားသူ နှစ်ဦးအနက်တစ်ဦးအား အကြမ်းဖက်မှုဖြင့် အရေးယူထားပြီး နောက်တစ်ဦးအား အပြစ်မရှိသဖြင့် ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

တောင်ကုတ်မြို့နယ်၊ ပဒါးရွာမကျေးရွာမှ ညီမောင်ချေ(ခ) ကိုရင်နှင့် ညီချေ(ခ)မဲချမ်းမွန်တို့အား တပ်မတော် စစ်ကြောင်းတစ်ခုမှ  AA နှင့် ဆက်စပ်သံသဖြင့် အောက်တိုဘာ ၁ ရက်နေ့ နံနက် ၇ နာရီခန့်က ဖမ်းဆီးခဲ့သည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ၎င်းတို့ နှစ်ဦးအနက် ပဒါးရွာမကျေးရွာနေ ညီမောင်ချေ(ခ) ကိုရင်သည် AA အဖွဲ့အတွက် ရိက္ခာနှင့်ငွေကြေးများ ကောက်ခံပေးနေသူတစ်ဦးဖြစ်ပြီး ၎င်းအိမ်နှင့် အနီးဝန်းကျင်ရှိအိမ်များမှ ငွေကြေးနှစ်ကြိမ်ကောက်ခံ၍ AA ထံသို့ အပ်နှံဆောင်ရွက်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅ဝ(ည)/၅၂(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရေး အမ်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။

နောက်တစ်ဦးဖြစ်သူ ညီချေ(ခ)မဲချမ်းမွန်မှာ AA နှင့် ပတ်သက် ဆက်နွယ်မှုမရှိကြောင်းသိရှိရသဖြင့် ၎င်း၏ မိသားစုထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပဒါးရွာမကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်အုန်းမြင့်က “ကိုမင်းချမ်းမွန်(ခ) ညီချေက လွတ်လာပါပြီ။ အခုတော့ အိမ်ကို ရောက်နေပါပြီ။  ရွာကနေ အဖမ်းခံထားရတာ ၃ ဦးပါ။ ကိုကြည်မိုးနိုင်ကတော့ မအီကနေ လွှတ်ပေး လိုက်တယ်လို့ သိရပါတယ်။ သူလည်း လွတ်လာပါပြီ။ ကျန်တာကတော့ ညီမောင်ချေ တစ်ယောက်ဘဲ ကျန်ပါတယ်။ မြင်ရသလောက်ပြောရရင်တော့ ညီမောင်ချေလည်း အေးအေးဆေးဆေး တံငါနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူပါ” ဟု ပြောဆိုသည်။

ပဒါးရွာမှ ဖမ်းဆီးခံရသူ သုံးဦးရှိပြီး ၎င်းတို့မှာ ကိုညီမောင်ချေ (၃၁) နှစ်၊ ကိုမင်းချမ်းမွန်(ခ) ညီချေ (၂၄) နှင့် ကိုကြည်မိုးနိုင် (၂၄)နှစ်တို့ဖြစ်ကြပြီး ဦးညီမောင်ချေနှင့် ကိုမင်းချမ်းမွန်တို့ကို ရွာထဲ နေအိမ်များမှဖမ်းဆီးပြီး ကိုကြည်မိုးနိုင်ကို ရွာပြင်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အုပ်ချုပ်ရေးမှူး ဦးမောင်အုန်းမြင့် ပြောဆိုသည်။

ဦးညီမောင်ချေဇနီးဖြစ်သူ မရီရီသိန်းက “ ကျွန်မ ယောက်ျားမှာ ဘာအပြစ်မှ မရှိဘူး။ တံငါလုပ်ငန်းလုပ်တယ်။ ဂဏန်းဖမ်းပါတယ်။ ရပ်သူရွာသားတွေလည်း အကုန်လုံး သိပါတယ်။ အေအေကို ပိုက်ဆံ ကောက်ပေးတယ် ဆိုတာက မတရားစွပ်စွဲချက်ဖြစ်ပါတယ်။ ကျွန်မယောကျ်ားက ဒါမျိုးတွေကို လုံးဝ မလုပ်ပါ။ အခု ကျွန်မမှာ ကလေးနှစ်ယောက်နဲ့ အထူး ဒုက္ခရောက်နေပါပြီ။ အဖေအမေလည်း ဆုံးသွားပါပြီ။ အခု ကြောက်လို့ သူများအိမ်မှာ သွားအိပ်နေရပါတယ်” ဟု ပြောကြားသည်။

ကိုညီမောင်ချေကို အမ်းမြို့ရဲစခန်းသို့ လွှဲပြောင်းထားသဖြင့် အောက်တိုဘာ ၆ ရက်နေ့ အစ်မဖြစ်သူ ဒေါ်အေးသန်းဝင်းနှင့် အစ်ကိုဖြစ်သူ ဦးနီးမြင့်ရွှေတို့ တွေ့ဆုံရန် အမ်းမြို့ထိ သွားရောက်ခဲ့ရာ ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသနေရ၍ တွေ့ဆုံခွင့်မရခဲ့ကြောင်း၊ အဝတ်အစားများကိုတော့ ပေးခွင့်ရခဲ့ကြောင်း မရီရီသိန်းက ပြောကြားသည်။

Most read this week

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...