မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့်တောင်ပေါက်ကျေးရွာမှနေအိမ်များကို အစိုးရမှ ကျပ်သိန်း ၅ဝ တန် နေအိမ်များဆောက်ပေးမည်ဟုဆို

မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့်တောင်ပေါက်ကျေးရွာမှနေအိမ်များကို အစိုးရမှ ကျပ်သိန်း ၅ဝ တန် နေအိမ်များဆောက်ပေးမည်ဟုဆို

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ မီးရှို့ခံခဲ့ရသည့် နေအိမ်များကို အစိုးရမှ ကျပ်သိန်း ၅ဝ တန် နေအိမ်များ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “ပြည်နယ်အစိုးရကို အဲဒီဘက်က တင်ပြလာလို့ လုပ်ပေးတာပေါ့။ အဲဒီနှစ်ရွာက မီးလောင်သွားတဲ့ အိမ်ခြေ အရေအတွက်ကို ဆောက်လုပ်ပေးသွားမှာပါ။ နေအိမ်တစ်လုံးစီကို သိန်း ၅ဝ လောက်နဲ့ လုပ်ပေးသွားမှာပေါ့ ” ဟု နိရဉ္စရာသို့ ပြောသည်။

ငွေကျပ် သိန်း ၅ဝ ဖြင့် သင့်တင့်သော နေအိမ်ဆောက်လုပ်ပေးရန် အိမ်ပုံစံအမျိုးအစားအား ပြည်နယ်အစိုးရ အဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ဦးဆောင်ကာ အင်ဂျင်နီယာ များက ရေးဆွဲစီမံလျက်ရှိကြောင်း ဦးဝင်းမြင့်က ပြောသည်။

“လက်ရှိတော့ တင်ဒါခေါ်ဖို့ လုပ်နေပါတယ်။ အကောင်အထည်ဖော်ဖို့က တစ်လ/ တစ်လခွဲလောက် ကြာဦးမယ်ပေါ့။ အိမ်အလုံးအရေအတွက်က ဘယ်လောက်လဲဆိုတာတော့ ကျွန်တော်လည်း ခရီးလွန်နေတော့ မသိတော့ဘူး။ သေချာတာတစ်ခုကတော့ အဲဒီနှစ်ရွာက မီးလောင်သွားတဲ့ အိမ်ခြေအကုန်လုံးကို ပြန်ဆောက်ပေးမယ်ဆိုတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ပြည်နယ်အစိုးရမှ ကျပ်သိန်း ၅ဝ ဖြင့် ဆောက်လုပ်ပေးမည်ဆိုသော်လည်း မီးလောင်သွားသည့် အချို့ အိမ်များ၏ ဆုံးရုံးမှုနှင့် မညီမျှကြောင်း ဘုရားပေါင်းကျေးရွာမှ ဦးသာလှထွန်းက ပြောသည်။

“တချို့အိမ်တွေက သိန်း နှစ်ရာနီးပါး အကုန်ကျခံပြီး ဆောက်ထားတာပါ။ ကျွန်တော့်မှာဆိုလည်း အိမ်ကို သိန်း ၇ဝ လောက် အကုန်ကျခံဆောက်ထားတာပေါ့။ သူတို့က စနစ်တကျနဲ့ လုပ်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ နေထိုင်ဖို့ နေရာတစ်ခုလောက်တော့ ရသွားတာပေါ့နော်။”ဟု ၎င်းက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ဘုရားပေါင်းကျေးရွာမှ နေအိမ် ၉၄ လုံးနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၆ လုံး စုစုပေါင်း ၁၇ဝ လုံးရှိကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်လာသည့် တပ်မတော်စစ်ကြောင်းတစ်ခုက နေအိမ်များကို မီးရှို့ခဲ့ကြောင်း မျက်မြင် ကျေးရွာသားများက ပြောကြားထားသော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်စစ်ကြောင်းက ၎င်းကျေးရွာများတွင် မီးရှို့ခဲ့ခြင်းမရှိကြောင်း စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုထားသည်။

May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...