ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဖျားနာသူများပြားလာနေ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေ

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဖျားနာသူများပြားလာနေ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေ

မျိုးသီရိကျော် — မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယအများဆုံးဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းများ၌ ဖျားနာသူများပြားလာနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။

ဒုက္ခသည်ဦးရေ ၃၃၂၁ ဦးရှိသည့် တိန်ညိုစစ်ဘေးရှောင်စခန်းတွင် ဖျားနာသူ ၃၀ နှင့် ၅၀ ကြားရှိလာကာ ၎င်းတို့မှာ မည်သည့်ကြောင့်ဖျားနာနေခြင်းအား မသိရှိဖြစ်နေကြပြီး ဆေးကုသမှုခံယူမည့်နေရာမရှိသဖြင့် ဆေးဆိုင်တို့မှ ဆေးများဝယ်ယူသောက်သုံးနေရကြောင်း စခန်းတာဝန်ခံ  ဦးဝေလှအောင်ထံမှသိရသည်။

“အရင်တုန်းကဆိုရင် တိန်ညိုဆေးရုံကြီးကိုသွားပြလိုက်လို့ရတယ်။ ဆေးလည်း အခမဲ့ကုသပေးတာပေါ့နော်၊ ဘာရောဂါဖြစ်တယ်ဆိုတာလည်းသိရတယ်။ အခုက တိန်ညိုမှာ ဆေးခန်းသွားပြစရာ ဆရာဝန်လည်းမရှိဘူး” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါကျေးရွာရှိ တိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီးမှာ ပြောင်းရွှေ့သွားပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ဆရာဝန်တစ်ဦးမှ အစားထိုးချထားပေးခြင်းမရှိသေးပေ။

အလားတူ ဒုက္ခသည်ဦးရေ နှစ်ထောင်ကျော်ရှိသည့် မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင်လည်း ဖျားနာသူ ၆ ဦးနှင့် ခရုရောဂါဖြစ်နေသည့် အသက် ၂ နှစ်အရွယ်ကလေးအတွက် ဆေးကုသရန် အခက်အခဲ ဖြစ်နေကြောင်း စခန်းတာဝန်ခံ ဦးကျော်မြသိန်းက ပြောသည်။

“အခုတော့ ဘယ်အဖွဲ့အစည်းမှ ကျန်းမာရေးစောင့်ရှောက်ဖို့မရောက်ကြဘူး။ ကျနော်တို့ရွာအုပ်စုက ကျန်းမာရေးဝန်ထမ်းတစ်ဦးတော့ တစ်လတစ်ကြိမ်လောက်တော့ရောက်ပါတယ်။ လောလောစဉ် ကျနော်တို့က ခရုရောဂါဖြစ်နေတဲ့ကလေးကို ပိုပြီးတော့စိုးရိမ်နေတယ်။ အသက်အန္တရာယ်၊ ကိုယ်လက်အင်္ဂါ တစ်ခုခုဖြစ်သွား မှာကို စိုးရိမ်ပါတယ်” ဟု ဦးကျော်မြသိန်းက ပြောသည်။

ထိုစခန်းတွင် စက်တင်ဘာလတတိယအပတ်က အသက် (၇၃)နှစ်အရွယ်ရှိ အစာအိမ်ရောဂါအခံရှိသူ အဖွား တစ်ဦးမှာ တစ်လခန့်ဖျားနာပြီးနောက် သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး ဒေါက်တာစိုးဝင်းပိုင်က “တိုက်ပွဲ ဖြစ်နေတဲ့နေရာတွေဆိုရင်တော့ သွားနိုင်မှာမဟုတ်ဘူး။ ပုံမှန်ဆိုရင်တော့ အနည်းဆုံးတစ်လမှာ နှစ်ကြိမ်လောက် ကျန်းမာရေးစောက်ရှောက်မှုလုပ်ပေးတယ်။ ကျနော်တို့အနေနဲ့ကိုဗစ်ကာလ ဖျားနေတဲ့ သူတွေကို Swab ယူပေးထားပါတယ်”ဟု ဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၅၂၈ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၀၉၃ နှင့် သေဆုံးသူ ၃ ဦးထိရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...