ရခိုင်ပြည်နယ် ၀န်ကြီးချုပ် မွေးရပ်ဇာတိ ဂွမြို့တွင် ကျေးရွာသား ၁၅၀ က သစ်ထုတ်၍ ဆန္ဒဖော်ထုတ်

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် မွေးရပ်ဇာတိ ဂွမြို့တွင် ကျေးရွာသား ၁၅၀ က သစ်ထုတ်၍ ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဇာတိ ဂွမြို့တွင် ဒေသခံ ပြည်သူ ၁၅၀ ခန့်သည် ဒေသခံပြည်သူများ မှီခို စားသောက်နေသည့် တောတောင်မြေကို ကုမ္ပဏီ တစ်ခုမှ သစ်တောဌာနနှင့် ပေါင်းပြီး သစ်ထုတ်လုပ်နေမှု အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူ ကျေးရွာသား ၁၅၀ ခန့်သည် ဂွမြို့နယ် ကမ်းသာယာမှ ၂၂ မိုင် အကွာ ရွှေဥကွင်း ကျေးရွာမှ ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် ပါ၀င်သူ အမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ ဖုန်းဆက် ပြောဆိုသည်။

“ သဘာဝ ပေါက်ပင်တွေကို သူတို့ပိုင်ဆိုပြီး သစ်ကုမ္ပဏီတစ်ခုက သစ်ထုတ်နေပါတယ်။ ၂၀၁၁ ခုနှစ် စိုက်တယ်ဆိုပြီး သစ်ပင်တစ်ပင်မှလည်း မရှိဘဲနဲ့ နဂိုသဘာဝ ပေါက်ပင်တွေ ဖြစ်တဲ့ အဖိုးတန် ပျဉ်ကတိုးတွေကို ခုတ်လှဲ သစ်ထုတ်နေပါတယ်။ အခုကျွန်မတို့ကိုလည်း သစ်တောထဲကို ၀င်လို့ မရတော့တဲ့ အတွက် ဒီလုပ်ရပ်ကို နိုင်ငံတော် အစိုးရကနေ တားဆီးပေးဖို့ ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကျေးရွာသူ ကျေးရွာသားများကို တားမြစ်သဖြင့် သစ်ဥ၊ သစ်ဖု၊ မျှစ်က၊ မှိုက အစ ရှာဖွေ၍ မရတော့ကြောင်း၊ ယခု ကုမ္ပဏီမှ သူတို့ပိုင်ဆိုပြီး သစ်ထုတ်လုပ်သောနေရာမှာ ကျေးရွာသားများ ဘိုးစဉ် ဘောင်ဆက် မှီခို လုပ်ကိုင်စားသောင်လာသောနေရာ ဖြစ်ကြောင်း၊ ယခုတောတောင်ကို မှီခိုပြီး မလုပ်စားရလျှင် ကျေးရွာသားများ အနေဖြင့် မည်သည့်နည်းနှင့်မျှ ရပ်တည်နေထိုင်၍ ရတော့မည် မဟုတ်ကြောင်း ပြောဆိုသည်။

“ အခု သူတို့ လုပ်နေတာက ဧက ၅၀၀ ရှိပါတယ်။ ရန်ကုန်က ကုမ္ပဏီဖြစ်ပါတယ်။ နာမည်က Mighty Mariae Ltd ကုမ္ပဏီ ဖြစ်ပါတယ်။ သစ်တောဌာနဲ့ ပေါင်းပြီး လုပ်စားနေကြတာပါ။ အခု သစ်ထုတ်နေပြီ ဖြစ်ပါတယ်။ ရွာသားတွေနဲ့ ပြဿနာ ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကလည်း သစ်ထုတ်နေသူတွေကို ကျွန်မတို့ ဖမ်းဆီးမိထားပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါ၀င်နေသူ အမျိုးသမီးက ပြောဆိုသည်။

ဆန္ဒပြသူများသည် ဂွမြို့ ဦးဥတ္တမလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်မှ ယနေ့ ၈ နာရီမှ စတင်ပြီး ဂွမြို့လယ်လမ်းများကို ဖြတ်သန်းကာ ဂွမြို့ ဖောင်တော်ဆိပ်ထိ ချီတက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် သစ်တောမြေအား စိုက်ခင်းမြေအဖြစ် ပယ်ဖျက်ပေးရေး (ဒို့အရေး)၊ သဘာဝ ပေါက်ရောက်သော ပျဉ်ကတိုးသစ်များ ထုတ်လုပ်နေမှုအား ရပ်တန့်ရေး (ဒို့အရေး)၊ သစ်တောမြေအား ပုဂ္ဂလိက ကုမ္ပဏီသို့ ပေးအပ်သူ အကျင့်ပျက် အစိုးရ အရာရှိများကို အရေးယူရေး (ဒို့အရေး) ဟု ကြွေးကြေ်ာ ဆန္ဒပြခဲ့ကြသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...