မင်းပြားမြို့တည် နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ

မင်းပြားမြို့တည် နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ
by -
နိရဥ္စရာ
မင်းပြားမြို့တည် နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲတော်ကို ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

ယင်းပွဲတော်တွင် ရခိုင်ရိုးရာ ကျင်ပွဲ၊ အောင်လူဆီးတမ်း( ထုပ်ဆီးထိုး) နှင့် ဒိုးကစားနည်းအပါအဝင် အားကစား ၁၈ မျိုးပါ၀င်မည်ဖြစ်ပြီး၊ သက်၊ ဒိုင်းနက်(သက္ကမ)၊ ချင်းစသည့် ရိုးရာအကများနှင့် ရခိုင်နာမည်ကြီးအဆိုတော်များနှင့် မြန်မာပြည်မှ နာမည်ကြီး အဆိုတော်အချို့ ပါ၀င်သည့် စင်တင် ဂီတ ဖျော်ဖြေပွဲများနှင့် အခြားအစီအစဉ်များ ပါ၀င်မည်ဟု သိရသည်။

အဆိုပါ ပွဲကျင်းရေးနှင့်ပတ်သက်၍ ပွဲကျင်းပရေးဦးဆောင်ကော်မတီက ရခိုင်ပြည်နယ် စစ်တွေမြို့ Noble Hotel ၌ မတ်လ ၁၇ ရက်နေ့က ပြုလုပ်သော စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ မင်းပြားမြို့တည် နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီမှာ ပြုလုပ်မည်ဖြစ်ပြီးတော့ ၂၅၊ ၂၆ ရက် ၃ ရက်ကိုသာ ပွဲတော်ရက်အဖြစ် သတ်မှတ်ထားပေမယ့် ရခိုင်ရိုးရာကျင်၊ အောင်လူဆီးတမ်း၊ ဒိုးနဲ့ မီနီမာရသွန် အပါအဝင် အားကစားအမျိုးပေါင်း ၁၈ မျိုးကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပြီးတော့ ကလေးတွေအတွက် ဘာသာရေးနဲ့ ရခိုင်သမိုင်းကြောင်းဆိုင်ရာ ကျဘန်းစကားပြော ပြိုင်ပွဲတွေကိုပါ ထည့်သွင်းကျင်းပသွားမှာ ဖြစ်တဲ့အတွက် မတ်လ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ပွဲကျင်းပရေး ဦးဆောင်ကော်မတီဝင် ဦးညီညီမောင်က သတင်းဌာနများသို့ ပြောသည်။

ပွဲတော်နှင့်ပတ်သက်၍ ရှင်းပြရာတွင် မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ကလေးငယ်များအတွက် ဘာသာရေးနှင့် သမိုင်းကြောင်းဆိုင်ရာ ကျဘန်းစကားပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများကို ၂၀ ရက်နေ့မှ စတင်ကျင်းပမည်ဖြစ်သည်။

သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကိုယ်တိုင် တက်ရောက်ဟောပြောမည့် စာပေဟောပြောပွဲကို မတ်လ ၂၃ နေ့ ညတွင်လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကများကို မတ်လ ၂၄၊ ၂၅ ရက်နေ့ညတွင် လည်းကောင်း၊ စင်တင်ဂီဖျော်ဖြေပွဲကို မတ်လ ၂၆ နေ့ ညတွင်လည်းကောင်း ပြုလုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

“မင်းပြားမြို့တည်တာနဲ့ ပတ်သက်ပြီး နှစ် ၁၀၀ ပြည့် အခမ်းအနားကို ရှေးယခင်က ပြုလုပ်ခဲ့ပြီးတော့ စေတီ တစ်ဆူ တည်ထားခဲ့ပါတယ်။ နှစ် ၁၅၀ ပြည့်မှာလည်း ရှေးဘိုးဘွားတွေ ကျင်းပခဲ့သလိုပဲ အထိမ်းအမှတ် ပွဲတော်တစ်ခုကို မဖြစ်ဖြစ်အောင် လုပ်ကြပါဆိုပြီးတော့ ကွယ်လွန်သူ မင်းပြားမြို့ခံ စာရေးဆရာ မင်းပြား မင်းသိန်းထွန်းက မှာကြားခဲ့ပါတယ်။ ဒီနှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အနေနဲ့လည်း စေတီ တစ်ဆူကို တည်ထားကိုးကွယ်သွားမှာ ဖြစ်ပါတယ်”ဟု ပွဲကျင်းပရေးဦးဆောင်ကော်မတီ အတွင်းရေးမှူး ဦးမောင်လှသိန်းက ပြောသည်။

ယင်းပွဲတော်ကို စနစ်တကျ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးဆောင်ကော်မတီအပြင် ဆပ်ကော်မတီ ၉ ခုကိုလည်း ဖွဲ့စည်းထားပြီး ပွဲတော်ကျင်းပနိုင်ရေးအတွက် အိန္ဒိယနိုင်ငံ ကုသိမ်နာရုံကျောင်းတိုက်မှ ဆရာတော်ကြီးထံမှ ကျပ်သိန်း ၁၅၀၊ ရခိုင်ပြည်နယ်အစိုးရမှ ကျပ်သိန်း ၁၅၀နှင့် ပြည်တွင်းပြည်ပရှိ မင်းပြားမြို့သူ မြို့သားများက စုပေါင်းအလှူငွေများ ထည့်ဝင်ထားကြသည်ဟု သိရှိရသည်။

မင်းပြားမြို့ကို ၁၈၆၇ ခုနှစ် မေလ ၁၉ ရက်နေ့က မစ္စတာ ရောဘတ်စင်က တည်ထောင်ခဲ့ပြီး ပွဲတော်ကို မတ်လတွင် ကျင်းပရခြင်းမှာ မြို့တည်နေ့သည် မိုးရာသီနှင့် တိုက်ဆိုင်နေ၍ဟု ပွဲတော်ကျင်းပရေးဦးဆောင် ကော်မတီက ပြောသည်။

ပွဲတော်ရက်များမတိုင်မီ ၄ မြို့နယ်ဖိတ်ခေါ် ဘောလုံးပွဲနှင့် မင်းပြားမြို့နယ် ကျေးရွာအုပ်စု ဖိတ်ခေါ်ဘောလုံးပွဲများကိုလည်း ကျင်းပခဲ့ပြီးဖြစ်သည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...