ကျောက်တော်မြို့နယ် ကျောက်ဂူစုရွာမှ အရပ်သားတစ်ဦးဖမ်းဆီးခံရ

ကျောက်တော်မြို့နယ် ကျောက်ဂူစုရွာမှ အရပ်သားတစ်ဦးဖမ်းဆီးခံရ

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာမှ အရပ်သားတစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ကိုမောင်ပိန်အောင်(၃၁) နှစ် (ဘ) ဦးထွန်းအောင်သားဖြစ်ကြောင်း သိရှိရသည်။

ကိုမောင်ပိန်အောင်၏ ဇနီးဖြစ်သူ မေထွီးချေက “ မနေ့က မနက် ၈ နာရီကျော်လောက်မှာ ကျွန်မ ရွာဈေးမှာရောင်းနေတုန်း ကျွန်မယောကျ်ားကို ဖမ်းသွားတယ်လို့ လူတွေလာပြောပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်မယောကျ်ားကို ဖမ်းသွားတာကို မြင်လိုက်ရပါတယ်။ အဲဒီနောက် ဒုတိယ တစ်ခေါက်စစ်သားတွေလာပြီး အိမ်ကို လာရှာပါတယ်။ စပါးကျီကြားမှာ တက်ရှာပါတယ်။ မိုင်းတစ်လုံးရတယ်လို့ ပြောပါတယ်။ ကျွန်မကို အဲဒီမိုင်းကို လက်နဲ့ကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်ပါတယ်။ သူတို့ခိုင်းတော့ ကျွန်မလည်းကြောက်ပြီး ဓာတ်ပုံရိုက်ခံရပါတယ်။ ကျွန်မတို့အိမ်မှာ ဒီလိုမျိုး ပစ္စည်းတွေ တစ်ခါမှ မရှိဘူး။ မြင်လည်း မမြင်ဘူးပါပြောပြပါတယ်။ ကျွန်မတို့ကိုပါ တပ်ကို ခေါ်သွားပါတယ်။ နောက်တော့ ကျွန်မနဲ့ ကလေးတွေကို ပြန်လွှတ်လိုက်ပါတယ်။ ကျွန်မယောက်ျားလည်း တစ်ဝမ်းတစ်ခါး လုပ်စားနေတာပါ။ အခုတော်တော် အခက်အခဲဖြစ်သွားပါပြီ” ဟု ပြောကြားသည်။

၎င်းတို့တွင် ၁၁ နှစ်အရွယ်နှင့် ၅ နှစ်အရွယ် သမီးနှစ်ဦးရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီက အင်အား ၁ဝဝ ခန့်ပါသော တပ်မတော် စစ်ကြောင်း တစ်ခု ဝင်ရောက်လာပြီး ရွာသားများကို စစ်ဆေးမေးမြန်းကာ မောင်ပိန်အောင်၏ လက်ကိုင်ဖုန်းထဲမှ AA နှင့် ပတ်သက်သည့် ဓာတ်ပုံများတွေ့ရှိ၍  AA အဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲ ဖမ်းဆီးသွားခဲ့သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း တပ်မတော်စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

“ ဟုတ်ပါတယ်။ အတည်ပြုလို့ရပါတယ်။ သူရဲ့ ဇနီးနဲ့ မိသားစုတွေက ကျွန်တော့်ဆီကို ကိုယ်တိုင် လာအကြောင်းကြားပါတယ်။ စစ်တပ်က ဖမ်းသွားတယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် ကိုမောင်ပိန်အောင်အား တပ်မတွင် ဖမ်းဆီးစစ်ဆေးနေသည်ဟုသိရကြောင်း ဇနီးဖြစ်သူက ပြောကြားသည်။

(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...
ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...