ရသေ့တောင်မြို့ပေါ် စစ်ရှောင်စခန်းများတွင် လူပြည့်လျှံနေသဖြင့် နောက်ထပ်စစ်ရှောင်များကို လက်ခံရန် အခက်အခဲရှိနေ

ရသေ့တောင်မြို့ပေါ် စစ်ရှောင်စခန်းများတွင် လူပြည့်လျှံနေသဖြင့် နောက်ထပ်စစ်ရှောင်များကို လက်ခံရန် အခက်အခဲရှိနေ

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လူပြည့်လျှံနေသည့်အတွက် စစ်ဘေး ဒုက္ခသည်များ ထပ်တိုးရောက်ရှိလာပါက လက်ခံထားရှိရန် နေရာအခက်အခဲရှိနေကြောင်း သိရသည်။

“မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာ လူတွေပြည့်လျှံသွားပြီ။ နောက်ထပ်အသစ်တွေ လက်မခံနိုင်ကြတော့ဘူး။ ဟိုနေ့က ရွှေလောင်းတင်ရွာက ထွက်ပြေး လာကြတဲ့လူတွေ ရသေ့တောင်မှာ နေစရာမရှိလို့ စစ်တွေကိုတက်သွား ကြရတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ရသေ့တောင်မြို့ပေါ်တွင် ရွှေပါရမီ၊ ကိန်းသာ၊ ဓမ္မရိပ်သာ၊ ပုပ္ပါရုံကျောင်း၊ ဓညဝတီကျောင်း၊ ဓမ္မာရုံဘုန်းတော် ကြီးကျောင်း၊ ကိန်းသာဘုန်းတော်ကြီးကျောင်း၊ သာသနပါလ စသည်ဖြင့် ရသေ့တောင်မြို့ပေါ်၌ စစ်ဘေးရှောင် စခန်း ၂၁ ခုအထိရှိနေပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းခန့်ရှိသည်။

စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ကိုဘက္ကာက “စစ်ဘေးရှောင်တွေအတွက် ရသေ့တောင်မြို့ပေါ်မှာ နေရာလုံးဝကို မရှိတော့ပါဘူး။ မိသားစု ၁ စုနေရာမှာ မိသားစု ၃ စု နေနေရတာတွေရှိတယ်။ အစကတည်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဆီက အားကစားကွင်းအနီးတဝိုက်ကို စစ်ဘေးရှောင်စခန်းတွေဆောက်ဖို့ တောင်းဆို ခဲ့တယ်၊ ခွင့်မပြုခဲ့ဘူး။ ယခုလက်ရှိ ဘုန်းတော်ကြီးကျောင်းတွေနဲ့ စစ်ဘေးရှောင်စခန်း ၂၁ နေရာမှာ နောက်ထပ် စစ်ဘေးရှောင်လက်ခံနိုင်ဖို့ အခြေအနေမရှိတော့ပါဘူး” ဟု ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်းမှ ရေစိုးချောင်း၊ ရေဘုတ်၊ ရေမျက်၊ ကျောက်တန်း၊ သောင်းဒရင်း၊ သမီးလှ၊ ကျောက်တန်း၊ င/စံဘော်၊ ကံပြင်၊ ဦးဂါ၊ စသည့် ကျေးရွာပေါင်း ၄၀ ကျော်မှ ရွာသားများမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြသည်။

အဆိုပါစစ်ဘေးရှောင်များမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထွက်ပြေး လာကြခြင်းဖြစ်ပြီး တစ်ဖက်မှာလည်း လက်နက်ကြီးများပစ်ခတ်မှုများကြောင့် ရွာသားများထိခိုက်ဒဏ်ရာရရှိမှု ရှိ၍လည်း ထွက်ပြေးလာကြသူများရှိသည်။

ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်များအတွက် နေရာအခက်အခဲရှိသဖြင့် လက်ရှိတွင် နေရာသစ်ရှာဖွေပြီး စခန်းသစ်များ ဆောက်လုပ်သွားရန် ပြင်ဆင်နေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ပြောသည်။

“နေရာသစ်တွေရှာဖွေပြီး စခန်းသစ်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ မြို့နဲ့လည်းမဝေးရ၊ သောက်ရေ သုံးရေ အဆင်ပြေနိုင်မယ့်နေရာ ရှာနေကြတယ်။ ဟိုတစ်နေ့ကတည်းက လွှတ်တော်အမတ်တွေနဲ့ ကွင်းဆင်း ကြည့်ရှုဖို့လုပ်နေတာ ပစ်ခတ်သံတွေကြားလို့မသွားကြတော့ဘူး။ ဒီနေ့သွားဖို့ စီစဉ်နေတယ်” ဟု ၎င်းကဆိုသည်။

ရသေ့တောင်မြို့နယ်တွင် အစိုးရမှ ဆောက်လုပ်ပေးထားသည့် စစ်ဘေးရှောင်စခန်းမှာ သောင်းဒရားတံတား အနီးတွင်ရှိပြီး တိုက်ပွဲဖြစ်နေသည့် ဧရိယာထဲတွင် ရှိသည်ဟုဆိုကာ စစ်ဘေးရှောင်များ နေထိုင်ခြင်းမရှိပေ။

 

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...