ကျောက်တော်တွင် လက်နက်ကြီးကျည်ထိမှန်၍ ရွာသားနှစ်ဦး ဒဏ်ရာရ

ကျောက်တော်တွင် လက်နက်ကြီးကျည်ထိမှန်၍ ရွာသားနှစ်ဦး ဒဏ်ရာရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လမုတပင်ကျေးရွာတွင် စက်တင်ဘာလ ၁၆ ရက်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ညနေပိုင်း(၃)နာရီ အချိန်ခန့်က ကျောက်တော်ဘက်မှ စစ်တွေဘက်သို့ ကုလားတန်မြစ်ကြောင်းအတိုင်း လာသည့် တပ်မတော်စစ်ရေယာဉ်မှ လက်နက်ကြီးငယ်များဖြင့် မြစ်ကြောင်းတစ်လျှောက် ပစ်ခတ်ခဲ့သဖြင့် လမုတပင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ ဗုံးခိုကျင်းထဲ၌ ပုန်းခိုနေသည့် ရွာသားနှစ်ဦးထံ လက်နက်ကြီးကျည်စ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း လမုတပင်ကျေးရွာမှ မစိုးဖြူက DMG သို့ ပြောသည်။

“နေဗီက မြစ်ကြောင်းတစ်လျှောက်လုံး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့ ဆင်းလာတာပဲ။ အခု ဒဏ်ရာရသွားတဲ့နှစ်ယောက်က အိမ်နီးနီးလေး။ သူတို့အိမ်ကမြစ်နားမှာ။ ပထမတော့ လက်နက်ကြီးတွေက သူတို့အိမ်ရှေ့ကအပင်တွေကိုလာကျတာ။ အဲဒီအပင်မှာကျကွဲပြီးမှတစ်ဆင့် သူတို့ကို ကျည်စသွားထိတာ။ သူတို့နှစ်ယောက်စလုံးက အိမ်အောက်က ဗုံးခိုကျင်းထဲမှာ ပုန်းနေကြတာလို့ပြောတယ်’’ ဟု ၎င်းကဆိုသည်။

ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လမုတပင်ကျေးရွာမှ အသက်(၅၀)ကျော်အရွယ်များ ဖြစ်ကြသည့် ဦးဦးလှသိန်းတွင် ညာဘက်ရင်ဘတ်၌ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ၊ ဒေါ်မဲမတွင် ဘယ်ဘက်ပေါင်၌ လက်နက်ကြီးကျည်စထိမှန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဒဏ်ရာရရှိသွားသူ ကာယကံရှင်ဦးဦးလှသိန်းက “ကျနော်ကတော့ ဒဏ်ရာရရချင်း အပေါက်ဝဆေးရုံကို သွားပြလိုက်တယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာသိပ်မပြင်းတော့ ရွာမှာပဲကျန်ခဲ့တယ်။ ဆေးရုံက ဆရာဝန် ကတော့ အနာကိုချုပ်ပေးလိုက်တယ်။ ဆေးတွေလည်း ပေးလိုက်တယ်။ ပြီးတော့ ၃ ရက်ပြည့်လို့ မသက်သာရင် ပြန်လာခဲ့လို့တော့ မှာလိုက်တယ်။ အိမ်မှာပုန်းနေရင်းနဲ့ လာထိတာဆိုတော့ ကိုယ့်အိမ်မှာတောင်ကိုယ် မလုံခြုံ တော့ဘူးဆိုတဲ့သဘောကိုပြတာပေါ့’’ ဟု သူကပြောသည်။

ကုလားတန်မြစ်ကြောင်းတွင် ယနေ့တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ နေဗီက ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာဖက်မှစတင်ကာ လက်နက်ကြီးငယ်များဖြင့် မြစ်ကြောင်း တစ်လျှောက်ပစ်ခတ်လာခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ယင်းသို့ နေဗီမှပစ်ခတ်သဖြင့် လမုတပင်ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်းမှာမှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

“တပ်မတော်နေဗီက ကုလားတန်မြစ်ကြောင်းအတိုင်း ဆင်းလာပြီးတော့ ရွာစဉ်တစ်လျှောက်ပစ်သွားတယ်လို့ တော့ ရွာသားတွေပြောဆိုချက်အရ သိရတယ်။ အဲဒီဖက်မှာ ဒီနေ့တိုက်ပွဲဖြစ်သံလည်းမကြားမိဘူး။ ရွာသား တွေကလည်း တိုက်ပွဲဖြစ်တယ်လို့ ပြောဆိုလာတာ မရှိသေးဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့အား DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက်နေ့ကလည်း စစ်တွေဘက်မှ ကျောက်တော် ဘက်သို့ ကုလားတန်မြစ်ကြောင်းအတိုင်း တက်လာသည့်ရေယာဉ်မှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦးဒဏ်ရာရရှိသွားခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ကျောက်တော်ဘက်မှ ဆင်းလာသည့် တပ်မတော်ရေယာဉ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ မွတ်ဆလင်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...