ရသေ့တောင်မြို့နယ်တွင် ကျည်ထိမှန်၍ မွတ်ဆလင်အမျိုးသားတစ်ဦး ဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် ကျည်ထိမှန်၍ မွတ်ဆလင်အမျိုးသားတစ်ဦး ဒဏ်ရာရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် မွတ်ဆလင်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက အာကာတောင်(မွတ်ဆလင်)ကျေးရွာသားတစ်ဦးမှာ သမီးဖြစ်သူနှင့်အတူ မယူမြစ်အတွင်း ငါးဖမ်းနေစဉ် တပ်မတော်ရေယာဉ်မှ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်သဖြင့် ကျည်ထိမှန်ဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ မာမောက်ရော်ဖိ အသက်(၃၀)နှစ်ဖြစ်ပြီး ငါးသလောက်ပိုက်ချနေစဉ် ကုလားချောင်း ကျေးရွာဖက်မှ လက်နက်ငယ်များဖြင့်လှမ်းပစ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း အာကာတောင်ကျေးရွာသား ကိုဘော်လီက DMG သို့ပြောသည်။

“သူတို့သားအဖက မြစ်မှာသွားပြီး ငါးသလောက်ပိုက်ချနေတာ။ ပိုက်တွေဘာတွေချထားပြီးလို့ အိမ်ကိုပြန်လာမလို့ လုပ်နေတုန်းမှာ ကုလားချောင်းရွာဖက်ကနေ လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ အဲဒီရွာဖက်မှာ မြန်မာ့ တပ်မတော်ရဲ့ ရေယာဉ်လည်း ရောက်လို့ရှိတယ်။ တပ်မတော်သားတွေလည်းရှိတယ်’’ ဟု ၎င်းကပြောသည်။

မာမောက်ရော်ဖိတွင် ဘယ်ဘက်လက်မောင်း၌ ကျည်ဖောက်ထွက်ဒဏ်ရာနှင့် ရင်ဘတ်ကျည်ရှပ်ထိဒဏ်ရာများ ရရှိသွားခဲ့ပြီး လက်ရှိဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းလည်း ကိုဘော်လီက ဆက်ပြောသည်။

ဖြစ်စဉ်မှာ မယူမြစ်ကြောင်းအတိုင်း တောင်ဘက်မှမြောက်ဘက်သို့လာသည့် တပ်မတော်ရေယာဉ်မှ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပစ်ခတ်ခဲ့ခြင်းသာဖြစ်ပြီး ယခင်ကလည်း ယခုလိုမျိုး ပစ်ခတ်မှုများရှိခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“တပ်မတော်ရေယာဉ်က မယူမြစ်အရှေ့အနောက်ကိုပစ်ပြီးတော့ တက်လာတယ်။ အဲဒီအချိန်မှာ အာကာတောင် ကျေးရွာနားကို ရောက်တာနဲ့ မြစ်ထဲမှာစက်လှေမောင်းနေတဲ့သူကို သွားထိတာ။ သူတို့(တပ်မတော်ရေယာဉ်)က အခုလိုပစ်နေကျပဲ။ သူတို့တက်လာတဲ့အချိန်တိုင်း တောပုတ်၊ ချုံပုတ်တွေကိုမြင်လို့ မသင်္ကာဘူးဆိုရင် ပစ်နေကျ” ဟု ဦးခင်မောင်လတ်ကဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့အား DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ အောင်စည်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၆ နှစ်အရွယ်ကလေးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

လက်ရှိတွင် ကိုဗစ်ကူးစက်နှုန်း မြင့်မားနေသည့်ကာလဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး စစ်ရေးပဋိပက္ခအတွင်း ဒေသခံများ သေဆုံးဒဏ်ရာရရှိမှုများလည်း ဆက်လက်တိုးလာနေသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...