ပလက်ဝတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲများရပ်ပေးရန် KACC တောင်းဆို

ပလက်ဝတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲများရပ်ပေးရန် KACC တောင်းဆို

မင်းထွန်း — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်စဲပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)မှ စက်တင်ဘာလ ၇ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့လျှင် ပလက်ဝဒေသများအတွက် နိုင်ငံရေးအရ ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းများမရှိမည်ကို စိုးရိမ်သည့်အတွက် တိုက်ပွဲများရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု KACC ဒုတိယဥက္ကဋ္ဌ ဆလိုင်းစောမြကပြောသည်။

“ကျနော်တို့ဒေသမှာ စစ်ရေးပဋိပက္ခတွေဖြစ်နေတာကလည်း ကြာလာပြီဆိုတော့ ဒေသတွင်းစားဝတ်နေရေးကလည်း ခက်ခဲတယ်။ နောက်ပြီး IDP စခန်းတွေ များလာတယ်။ အဲဒီကြားထဲမှာ ကျနော်တို့ဒေသကိုယ်စားပြု ကိုယ်စားလှယ်တွေတောင်မှ မရှိနိုင်ဘူးဆိုရင် တကယ်လို့ ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင်ပေါ့၊ ကျနော်တို့ဒေသတွေအတွက် အများကြီးနစ်နာစရာရှိတယ်။ အဲဒါကြောင့်မို့လို့ ရွေးကောက်ပွဲကိုတော့ လုပ်ပေးစေချင်တဲ့သဘော ထုတ်ပြန်လိုက်တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း နယ်မြေဒေသတည်ငြိမ်နေပြီး တိုက်ပွဲဖြစ်ပွားမှုမရှိသည်မှာ တစ်ပတ်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းအပြင် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း လိုအပ်သည့်လုံခြုံရေးအစီအမံများကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်းလည်း KACC က တိုက်တွန်းထားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထိုက်ကပြောသည်။

“သေချာတာပေါ့၊ လုံခြုံရေးအတွက် အစိုးရအဖွဲ့က ညှိနှိုင်းပေါင်းစပ်ပေးဖို့လိုတာပေါ့။ အဲလိုမှမဟုတ်ရင်တော့ အခက်အခဲအများကြီးဖြစ်နိုင်ပါတယ်။ အစိုးရအဖွဲ့က ပြည်ထောင်စုကို တင်ပြပြီးတော့ ရွေးကောက်ပွဲဖြစ်အောင်လုပ်ဖို့ တင်ပြထားတယ်။ ဆိုတော့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်က ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့ကိုပြောပြီးတော့မှ လုံခြုံရေးအစီအမံ အပြည့်အဝရမယ့်သဘောတော့ရှိပါတယ်” ဟု ၎င်းကပြော သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို လာမည့် အောက်တိုဘာလတွင် ကြေငြာသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာထားသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...