မင်းထွန်း — လာမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သည့် ပါတီဝင်လေးဦးကို ရခိုင်အမျိုးသားပါတီ(ANP)မှ ထုတ်ပယ် လိုက်ကြောင်း သိရသည်။
ထုတ်ပယ်ခံရသည့် ANP ပါတီဝင်များမှာ မောင်တောမြို့နယ်မှ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ဒုဥက္ကဋ္ဌ ဦးမောင်အုန်း၊ မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင် ဦးကျော်ကျော်ဝင်းနှင့် ဘူးသီးတောင်မြို့နယ် ANP ပါတီအတွင်းရေးမှူး ဦးမောင်ကျော်ဇံတို့ဖြစ်ကြသည်။
၎င်းတို့သည် ပါတီစည်းမျဉ်း၊စည်းကမ်းများကို ချိုးဖောက်သည့်အတွက် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကဆိုသည်။
“၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ သက်ဆိုင်တဲ့စည်းမျဉ်း၊စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ထုတ်ပယ်၊ အပြစ်ပေးလိုက်တာဖြစ်တယ်။ ပါတီကရွေးချယ်မခံရင် တခြားပါတီကူးပြောင်းတာတွေ၊ တသီးပုဂ္ဂလတက်တာတွေ မလုပ်ရလို့ စည်းကမ်းတွေ၊ ဂတိဂတ်တွေရှိပြီးသားဖြစ်တယ်။ အဲဒီဂတိဂဝတ်ကို မလိုက်နာတဲ့အတွက်၊ ချိုးဖောက်တဲ့အတွက် ထုတ်ပယ်လိုက်တာဖြစ်တယ်” ဟု ၎င်းကပြောသည်။
သို့သော် ထုတ်ပယ်ခံရသူများက ပါတီဗဟိုဦးဆောင်ကော်မတီဝင်များမှာ ပါတီမှချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုမရှိသည့်အတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးချယ်ခံရခြင်းဖြစ်သည်ဟု ဆိုကြသည်။
“ကျနော်တို့က ပါတီစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာမဟုတ်ဘူး။ ပါတီဗဟိုဦးဆောင်ကော်မတီက သူတို့ ချမှတ်ထားတဲ့စည်းကမ်းကို သူတို့မလိုက်နာလို့ ချိုးဖောက်ရတာဖြစ်တယ်” ဟု ဦးမောင်ကျော်ဇံက ပြောသည်။
ယင်းအပြင် ပါတီဗဟိုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းများသည် မြို့နယ်စီစစ်ရေး ကော်မတီ၏ အမှတ်ပေးစည်းမျဉ်းစည်းကမ်းစနစ်နှင့်မကိုက်ညီသလို ရည်ရွယ်ချက်ရှိရှိ အာဏာရှင်ဆန်ဆန်ဖြင့် ရွေးချယ်မှုများရှိနေသည်ဟု ဦးခင်မောင်သန်းက ဆိုသည်။
“သူတို့ရဲ့လုပ်ဆောင်ချက်တွေ မှားတဲ့အတွက် သူတို့နောက်ကလိုက်ချင်တဲ့ စိတ်ဆန္ဒလည်းမရှိတော့ဘူး။ ပါတီနဲ့ ပါတီခေါင်းဆောင်တွေအပေါ်မှာ သံသယအများကြီးဝင်သွားတဲ့အတွက် ဒီလိုအဖြစ်မျိုးတွေကို နောက်ထပ် အဖြစ် မခံလိုတဲ့အတွက် ဒီလိုတသီးပုဂ္ဂလအဖြစ် အရွေးခံရတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ဦးခင်မောင်သန်းသည် ANP ပါတီမှ ထုတ်ပယ်ခြင်းမခံရမီအချိန်က မောင်တော်မြို့နယ် ANP ပါတီဥက္ကဋ္ဌအဖြစ်၊ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
တစ်ဖက်တွင် ရခိုင်အမျိုးသားပါတီ ANP မှ နှုတ်ထွက်ခွင့်တင်ထားသည့် ပါတီဝင်များလည်းရှိနေသည်။
ထိုသို့ နှုတ်ထွက်စာတင်ထားသူများမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဝေစိန်အောင်၊ ဦးခင်မောင်လတ်၊ ဒေါ်ထုမေ၊ ဦးကျော်ကျော်အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှွေ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဇော်ဦးနှင့် ဦးကျော်လွင်တို့ဖြစ်ကြသည်။







