ရခိုင်ကမြို့နယ်အချို့တွင် လုံခြုံရေးစိုးရိမ်ရကြောင်း တပ်မတော်က UEC သို့ အကြံပြုထား

ရခိုင်ကမြို့နယ်အချို့တွင် လုံခြုံရေးစိုးရိမ်ရကြောင်း တပ်မတော်က UEC သို့ အကြံပြုထား

ခင်သရဖီဦး — ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့၌ လုံခြုံရေးအခြေအနေစိုးရိမ်ရကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)သို့ အကြံပြုထားကြောင်း တပ်မတော်ဘက်က ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဝဒေသမှာရှိတဲ့ ငါးမြို့နယ်ရယ်။ ရခိုင်က တစ်ချို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံခြုံရေးအရ စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ကျနော်တို့ပြောထားတာရှိတယ်။ ဒါတွေကလည်း လက်ရှိ လုံခြုံရေးအနေအထားအရ ဖြစ်ပျက်နေလို့ပဲဖြစ်တယ်။ ရွေးကောက်ပွဲ နီးတဲ့အချိန်မှာလည်း ပြောင်းလဲသွားတဲ့ အနေအထားအရ လုံခြုံရေးပိုင်းဆိုင်ရာပဲ ကျနော်တို့အကြုံပြုဖို့ ရှိကောင်းရှိနိုင်လိမ့်မယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

ယင်းသို့အကြံပြုရခြင်းမှာ လုံခြုံရေးအရပြောဆိုရခြင်းဖြစ်ပြီး ရွေးကောက်ပွဲလုပ်သင့်၊ မလုပ်သင့်ကို တပ်မတော်က အဆုံးအဖြတ်ပေးနိုင်ခြင်း မရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။

“တပ်မတော်က ရွေးကောက်ပွဲ လုပ်သင့်၊ မလုပ်သင့် အဆုံးအဖြတ်ပေးရမယ့် အာဏာပိုင်အဖွဲ့အစည်းမဟုတ်ဘူး။ တပ်မတော်အနေနဲ့ တစ်ခုပဲရှိတယ်။ ဒီဥစ္စာသည် လွတ်လပ်တဲ့ကော်မရှင်တခုဖြစ်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကပဲ ဒီကိစ္စကိုဆုံးဖြတ်မှာဖြစ်တယ်။ အခြေခံဥပဒေထဲမှာရော သူတို့ပြဋ္ဌာန်ထားတဲ့ ကော်မရှင်ရဲ့ဥပဒေမှာရော၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေမှာရော ကော်မရှင်ကို လုပ်ပိုင်ခွင့်ပေးပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ တစ်ခုပဲ ရှိတယ်။ ဘာလဲဆိုတော့ လုံခြုံရေးဆိုင်ရာနဲ့ပတ်သတ်ပြီး အကြံပြုနိုင်တာပဲရှိမယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များရှိနေကြောင်းကို စက်တင်ဘာလ ၂ ရက် နေ့ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ပြီးဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မြင့်မားလျက်ရှိသော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်လက်ရှိနေသေးသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...