တိုင်းရင်းသား အားလုံးပါမှ NCA လက်မှတ်ထိုးရေး AA နှင့် TNLA တို့ လော်ခီးလာ ညီလာခံတွင် ဆွေးနွေးမည်

တိုင်းရင်းသား အားလုံးပါမှ NCA လက်မှတ်ထိုးရေး AA နှင့် TNLA တို့ လော်ခီးလာ ညီလာခံတွင် ဆွေးနွေးမည်
by -
မဇ္ဈိမ
တိုင်းရင်းသားလက်နက်ကိုင် အားလုံးဖြင့်သာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရေး တတိယအကြိမ် လော်ခီးလာ တိုင်းရင်းသားများ ညီလာခံတွင် ရခိုင်တပ်မတော် AA နှင့် တအောင်း(ခ) ပလောင်လွတ်မြောက်ရေး တပ်မတော် TNLA တို့က ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ခေါင်းဆောင်များထံမှ သိရသည်။

"အဓိကတော့ NCCT ကနုတ်ထွက်စာပို့ထားတာအပြင် အကုန်လုံးပါမှ NCA ကိုလက်မှတ်ထိုးနိုင်ဖို့ကို ပြောမှာ၊ အစိုးရကတော့ ဟိုချန်ဒီချန်က သူတို့ကိုင်စွဲထားတာ။ EAOs ထဲက အကုန်လုံးပါပြီး လတ်မှတ်ထိုးမှ NCA က အသိ အမှတ်ပြုနိုင်မှာပါ" ဟု TNLA  ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး တာဂျုတ်ဂျားက မဇ္ဈိမကိုပြောသည်။

TNLA မှ နိုင်ငံခြားရေး တာဝန်ခံ၊ ပန်လှ နှင့် TNLA ၏ NCCT ကိုယ်စားလှယ် ဝိုက်ခေးတို့က တတိယ အကြိမ်မြောက် တိုင်းရင်းသား ညီလာခံကို တက်ရောက်မည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် လော်ခီးလာတွင် ဇွန်လ ၂ ရက်မှ ၆ ရက်ထိ အစိုးရနှင့် ပဏာမ သဘောတူထားသည့် NCA မူကြမ်းအချောသတ်ရန် ကျင်းပမည်ဖြစ်သည်။ ပထမအကြိမ်ကို ၂၀၁၂ခုနှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာ နှင့် ဒုတိယအကြိမ်ကို ယခုကျင်းပမည့် လော်ခီးလာတွင် ၂၀၁၄ခုနှစ်က ကျင်းပခဲ့သည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ (UPWC) သည် NCA ကို ၎င်းတို့ အသိအမှတ်ပြုထားသည့် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့်သာ လက်မှတ်ထိုးရန် ပြောဆိုထားသော်လည်း တိုင်းရင်းသားများကမူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ပါ ၂၂ဖွဲ့လုံးဖြင့် လက်မှတ်ထိုးရန် ဆန္ဒရှိနေကြသည်။

"NCCT အပေါင်း ၃ ကို ထားခဲ့မယ်လို့ အစိုးရက လက်ခံထားတာ၊ တိုင်းရင်းသားအဖွဲ့တွေက အကုန်ပါမှ ဖြစ်မယ်ဆိုတဲ့ ရပ်တည်ချက်ရှိတယ်၊ တစ်ချို့အဖွဲ့တွေကတော့ မြန်မြန်သွားချင်တာရှိမယ်၊ EAOs အကုန်ပါပြီး နိုင်ငံရေးအရ စစ်မှန်တဲ့ အဖြေရှာဖို့ကလည်း စဉ်းစားသင့်ပါတယ်၊ ဒါကိုလည်း AA ကပြောမှာပါ" ဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မဇ္ဈိမကိုပြောသည်။

AA မှ အရပ်ဖက်ဆိုင်ရာ စည်းရုံးရေး တာဝန်ခံ ဦးထွန်းမင်းနိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လော်ခီးလာ ညီလာခံသို့ တက်ရောက်ကြမည်ဖြစ်သည်။

AA ၊TNLA နှင့် MNDAA (ကိုးကန့်) တို့သည် NCCT (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့)၏ နောက်တိုး အဖွဲ့ဝင်များဖြစ်သည်။

လော်ခီးလာညီလာခံသို့ UWSP "ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီ နှင့် RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီကလည်း တက်ရောက်ကြမည် မဟုတ်သည့်အပြင် NCA ကိုလည်း သီးခြားလက်မှတ်ရေးထိုးရန် ဆန္ဒရှိကြသည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ သိရသည်။

တိုင်းရင်းသား အားလုံး ပါဝင်နိုင်ရေးအတွက် တိုင်းရင်းသားတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေရသည့် NCAကို ဦးသိန်းစိန်အစိုးရကမူ သြဂုတ်လအတွင်း လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...