နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် တစ်ညအတွင်း အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၁ ရက် ညဉ့် ၁၂ နာရီအချိန်ခန့်တွင် စစ်တွေမြို့နယ်ဘက်မှ ကျောက်တော်မြို့နယ် ဘက်သို့ ကုလားတန်မြစ်ကြောင်းအတိုင်းလာသည့် တပ်မတော်စစ်ရေယာဉ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု သင်္ဂနက်ကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
“လူတွေအိပ်နေတဲ့အချိန် နေဗီကလက်နက်ကြီးတွေနဲ့ ရွာတွေဖက်ကို တစ်ရစပ်လှမ်းပစ်တယ်။ အဲဒီမြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ရွာတွေအကုန်လုံးကိုပစ်တာပဲ။ အခုဒဏ်ရာရသွားတဲ့လူတွေကလည်း ကိုယ့်အိမ်မှာကိုယ် အိပ်နေတဲ့အချိန် အိမ်နားမှာလက်နက်ကြီးကျကွဲပြီးတော့ ကျည်စထိမှန်သွားကြတာ။ ဒီနေ့မနက်ပိုင်းကလည်း လက်နက်ကြီးတွေနဲ့ ရွာဖက်ကိုလှမ်းပစ်တာတွေရှိတယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်၊ သင်္ဂနက်ကျေးရွာမှ အသက် ၆၀ ကျော် အရွယ်များဖြစ်ကြသည့် ဦးစောသာအောင်၊ ဦးမောင်ဖြူ ၊ ဒေါ်စိန်ကျော့သိန်း၊ င/တပေါင်းကျေးရွာမှ ဒေါ်အေးကျော့သိန်း (၃၆ နှစ်)၊ လမုသားကျေးရွာမှ မဖြူဖွေး (၉ နှစ်)၊ ဂုတ်ပီထောင့်(မွတ်စလင်)ကျေးရွာမှ မာမောက်ရော်ဘိ (၃၇ နှစ်)၊ ဟိုက်ရာမောက် (၄၂ နှစ်)နှင့် အဘုချေ (၈ နှစ်)တို့တွင် ဒဏ်ရာအသီးသီး ရရှိ သွားခဲ့သည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများထဲမှ ၄ ဦးမှာ ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးသို့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ဆေးကုသမှုခံယူရန် ရောက်ရှိနေပြီးဖြစ်ကာ မဖြူဖွေးနှင့် မွတ်ဆလင်သုံးဦးတို့မှာ ဒဏ်ရာ မပြင်းထန်သည့်အတွက် ကျေးရွာ၌သာ ဆေးကုသမှုခံယူနေကြောင်း ဒေသခံများကပြောသည်။
“ဒဏ်ရာတွေကတော့ နည်းနည်းများပေမယ့် အရမ်းကြီးစိုးရိမ်ရတဲ့ အခြေအနေမဟုတ်တဲ့အတွက် ဆေးရုံကို မပို့ လိုက်တော့ဘူး။ ရခိုင်ရွာဘက်က ဆေးသမားတစ်ယောက်ကိုခေါ်ပြီးတော့ ဆေးကုသပေးထားတယ်” ဟု ဂုတ်ပီထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘစိန်ကပြောသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၂ ရက် နေ့လည်ပိုင်းအထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီတို့အား DMG က ဖုန်းဖြင့်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်မသွယ်မရရှိခဲ့ပေ။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဒေသခံများမှာ COVID-19 ရောဂါ ကူးစက်လာမည်ကို စိုးရိမ်နေချိန်တွင် ပြည်သူကိုမျက်နှာမူသည်ဆိုသည့် အဖွဲ့အစည်းများအနေဖြင့် ပစ်ခတ်မှု များကို မလုပ်သင့်ကြောင်း ပြောသည်။
“အခုဆိုရင် လူတွေက ကိုယ့်အိမ်မှာကိုယ်နေရင်း ရောဂါဘယ်ချိန်ကူးစက်ခံရမလဲဆိုပြီး စိုးတထိတ်ထိတ်ဖြစ်နေ ချိန်မှာ အဖွဲ့အစည်းတွေအနေနဲ့ စဉ်းစားချင့်ချိန်ဖို့လိုတယ်။ တစ်ကမ္ဘာလုံးကလူတွေ ဒီကိုဗစ်ရောဂါကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုပြီး အားလုံးဆွေးနွေးလုပ်ဆောင်နေကြတဲ့အချိန်မှာ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် အခုလို ပစ်ခတ်မှုတွေကို ရှောင်ရှားသင့်တယ်” ဟု ၎င်းက ဆိုသည်။
ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က ဒေသခံတစ်ဦး ပစ်ခတ်ခံရ၍သေဆုံးသွားပြီး ၂၇ ရက် နေ့က အပေါက်ဝကျေးရွာသို့လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာ ရရှိသွားခဲ့သည်။
ထို့ပြင် စက်တင်ဘာလ ၁ ရက်နေ့ကလည်း တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်ဖြင့် လှမ်းပစ်ခတ်မှုကြောင့် ယာစိုက်ခင်းမှပြန်လာသည့်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။







