AA အတွက် ရိက္ခာသိုလှောင်ထားသည်ဟုဆိုကာ ဆန်စက်ပိုင်ရှင်တစ်ဦးအား တပ်မတော်ကဖမ်းဆီး

AA အတွက် ရိက္ခာသိုလှောင်ထားသည်ဟုဆိုကာ ဆန်စက်ပိုင်ရှင်တစ်ဦးအား တပ်မတော်ကဖမ်းဆီး

အောင်ထိန် —  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဒေသခံတစ်ဦးကို သြဂုတ်လ ၃၁ ရက် ည ၆ နာရီ အချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

စစ်တွေဘက်မှလာသော တပ်မတော်ရေယာဉ်တစ်စီးသည် စပါးထားကျေးရွာအနီးတွင် ရပ်တန့်ပြီး တပ်မတော်သားများက ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ဆန်စက်ရုံများကို ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ယင်းနောက် ဦးရဲကျော်ထွန်း (၄၈)နှစ်၏ ဆန်စက်၌ ဆန်အိတ်များတွေ့သဖြင့် စစ်ဆေးမေးမြန်းစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သမီးဖြစ်သူ မစုလှိုင်ဦးက ပြောသည်။

“ဆန်အိတ်တွေ အများကြီးမြင်လို့ ဖမ်းသွားတာ။ အဲဒီဆန်အိတ်တွေက ဈေးကောင်းလို့ဆိုပြီး ရောင်းချဖို့စက်ထိုးထားတာ။ ကျွန်မအဖေမှာ ဘာအပြစ်မှမရှိပါဘူး။ ကျွန်မအဖေကို ရိုက်နှက်စစ်ဆေးမှာကို စိုးရိမ်တယ်” ဟု မစုလှိုင်ဦးက ဆိုသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းသည် သြဂုတ်လ ၃၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် စပါးထားကျေးရွာသို့ ပြန်လာပြီး ဦးရဲကျော်ထွန်း ဆန်စက်အတွင်းရှိ ဆန်အိတ် (၇၃)အိတ်ကို ရေယာဉ်ပေါ်၌ တင်ဆောင်သွားကြောင်း ကျေးရွာသားများက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဦးရဲကျော်ထွန်း၏နေအိမ်၌ အေအေအဖွဲ့ရိက္ခာအတွက် သိုလှောင်ထားသည့် ဆန်အိတ် ၈၀ အား သိမ်းဆည်းရမိခဲ့သည်ဟု စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဦးရဲကျော်ထွန်းမှာ ရက္ခိုင့်တပ်တော်(AA)နှင့် တစ်စုံတစ်ရာ ပတ်သက်မှုမရှိဘဲ ယခုကိစ္စမှာ စွပ်စွဲချက်သာ ဖြစ်ကြောင်း မိသားစုဝင်များကဆိုသည်။

“ဒါက လုံးဝအဓိပ္ပာယ်မရှိဘူး။ စွပ်စွဲချက်သာဖြစ်တယ်။ ကျွန်တော့်အစ်ကိုက ဘာအဖွဲ့အစည်းနဲ့မှ ပတ်သက်မှု မရှိဘူး။ ဆန်စက်ထောင်စားနေပါတယ်ဆိုမှ စက်ရုံထဲမှာ ဆန်မရှိရင် ဘာရှိမှာလဲ” ဟု ဦးရဲကျော်ထွန်း၏ ညီဖြစ်သူ ကိုကျော်ခိုင်ကပြောသည်။

တပ်မတော်ကဖမ်းဆီးခဲ့သည့် ဦးရဲကျော်ထွန်းနှင့် သိမ်းဆည်းရမိသည့်ဆန်အိတ်များကို စစ်တွေမြို့သို့ ပို့ဆောင်ကာ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်း AA နှင့်ဆက်နွယ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရသူများမှာ အမြောက်အများရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးရန် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဖွဲ့အစည်း ၁၀ ခုက သြဂုတ်လ ၂၅ ရက် နေ့တွင် သဘောထားထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...