နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာအတွင်း ရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် ယာခင်းမှပြန်လာသည့် ကျောက်ဂူစုကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းစစ်ကြောင်းသည် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ကျောက်ဂူစုကျေးရွာသို့ ဝင်ရောက်လာကာ နေအိမ်များအား တစ်အိမ်တက်ဆင်း စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ရွာသားများကဆိုသည်။
ယင်းနောက် ညနေပိုင်း ၆ နာရီအချိန်ခန့်တွင် ယာစိုက်ခင်းမှပြန်လာသည့် ကျေးရွာသားများအား ရွာထဲရှိ စစ်ကြောင်းမှသေနတ်ဖြင့် လှမ်းပစ်သဖြင့် ကျောက်ဂူစုကျေးရွာမှ ဦးစိန်သာအောင်၊ ၄၀ နှစ်မှာ ကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်း ကျောက်ဂူစုကျေးရွာမှ ဦးထွန်းယဉ်က DMG သို့ ပြောသည်။
“စစ်တပ်ဝင်လာတုန်းက သူတို့တွေက ယာခင်းမှာဆိုတော့ ရွာထဲမှာစစ်တပ်ရှိနေတာကိုသိပုံမရဘူး။ ဒါကြောင့် ညနေပိုင်းရောက်တာနဲ့ ယာခင်းကနေ ပုံမှန်လာနေကျအတိုင်း ပြန်လာကြတယ်။ အဲဒီအချိန်မှာ ရွာထဲမှာ ရောက်နေတဲ့စစ်တပ်က လှမ်းပစ်တဲ့အတွက် သူ့ကိုကျည်နှစ်ချက်ထိသွားတယ်။ သူကတော့ ဒဏ်ရာတွေနဲ့ ရွာထဲကိုထိ ရောက်အောင်ဝင်လာသေးတယ်။ ညဉ့် ၉ နာရီအချိန်လောက်မှ သွေးထွက်လွန်ပြီး သေသွားတာပါ” ဟု ၎င်းကဆိုသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးစိန်သာမောင်တွင် ဝမ်းဗိုက်နှင့် ညာဘက်လက်တို့၌ ကျည်ထိမှန်သွားခဲ့ပြီး အချိန်မီ ဆေးကုသမှုမခံယူရသဖြင့် သွေးထွက်လွန်ပြီးသေဆုံးသွားရခြင်းဖြစ်ကြောင်း ရွာသားများကပြောသည်။
လက်ရှိ ကျောက်ဂူစုကျေးရွာမှ ရွာသားအချို့မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေပြီး သေဆုံးသူ၏ ရုပ်အလောင်း အား ကျေးရွာအတွင်း ကျန်ရှိနေခဲ့သူအချို့မှ ယနေ့(စက်တင်ဘာလ ၁ ရက်)နေ့တွင် သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းမှ ကျေးရွာအတွင်း ဘာမှမလုပ်ခဲ့ကြောင်း၊ ကြက်ငှက်တစ်စုံတစ်ရာပျောက်ဆုံးမှု မရှိ ကြောင်းကို ကျေးရွာအတွင်း ကျန်ရှိနေခဲ့သူများအား လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ထွက်ပြေးနေသည့် ကျေးရွာသားများမှ တစ်ဆင့်ခံပြောကြားသည်။
ထို့ပြင် ကျောက်ဂူစုကျေးရွာနှင့် အနီးအနားရှိကျေးရွာများမှ ရွာသားများအားလည်း ဖမ်းဆီးစစ်ဆေးမှုများ ရှိသဖြင့် သာစည်၊ ရွှေပြည်၊ ကျောက်ဂူစု၊ အလယ်ကျွန်း၊ မျောက်တောင်စသည့် ကျေးရွာများမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“အခုချိန်က ကိုဗစ်နိုင်တင်းရောဂါကြောင့် ရွာတိုင်းရွာတိုင်းမှာ အဝင်အထွက် ကန့်သတ်ထားတဲ့အချိန်ဆိုတော့ ရွာတစ်ရွာကိုဝင်ပြီး ရှောင်နေဖို့ဆိုတာ ခက်ခဲတယ်။ ဒါပေမယ့် လူတွေက လူသားချင်းစာနာပြီးတော့ သူတို့ရွာထဲကို ပေးဝင်ကြတယ်။ ကျွန်တော်တို့ကလည်း ရောဂါပိုးကူးမှာတော့ ကြောက်ပါတယ်။ ဒါပေမယ့် အခုလို တဟုန်ထိုး အသက်လုပြီး ပြေးလာရတဲ့အချိန်မှာ ရောဂါကူးမှာထက် လက်ရှိအသက်ဘေးကလွတ်မှာကိုပဲ ဦးစားပေးနေရတယ်” ဟု ဦးထွန်းယဉ်က ဆိုသည်။
ကျောက်ဂူစုကျေးရွာတွင် ပစ်ခတ်မှုကြောင့်ဒေသခံတစ်ဦးသေဆုံးခြင်းမှာမှန်ကန်ပြီး အနီးအနားကျေးရွာမှ ဒေသခံများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားမှုများရှိနေကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ကပြောသည်။
“မနေ့ညက စစ်ကြောင်းတစ်ခုကဝင်လာပြီးတော့ ဒေသခံတွေကို စစ်ဆေးမေးမြန်းဖို့အတွက် ခေါ်ယူထိန်းသိမ်း ထားတယ်လို့တော့သိရတယ်။ သူတို့(တပ်မတော်)နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေအရ အခုလို ဝင်လုပ်တာလားဆိုတာတော့ ကျွန်တော်တို့လည်းမပြောတတ်ဘူး” ဟု ၎င်းကပြောသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG ကဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က သေနတ်ပစ်ခတ်ခံရ၍ ဒေသခံတစ်ဦး သေဆုံးသွားခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့ကလည်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သဖြင့် အပေါက်ဝကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။







