ရသေ့တောင်မြို့နယ်တွင် ကျည်ဆံထိမှန်မှုကြောင့် လူငယ်တစ်ဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် ကျည်ဆံထိမှန်မှုကြောင့် လူငယ်တစ်ဦးဒဏ်ရာရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် သြဂုတ်လ ၃၁ရက်နေ့ က မယူမြစ်ကြောင်းရှိ တပ်မတော် ဇက်ရေယာဉ်မှ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ  စေတီပြင်ကျေးရွာမှ အသက် (၁၇)နှစ်အရွယ် မောင်ဆန်းလှိုင်ဖြိုး ဖြစ်ပြီး ၎င်းမှာ နံနက်ပိုင်း ၁၁ နာရီခန့်က ဆွေမျိုးအိမ်၌ အိပ်နေစဉ် လက်နက်ငယ်ကျည်ဆံ ထိမှန်သွားခြင်းဖြစ်ကြောင်း ဒဏ်ရာ ရရှိသူ၏ မိခင်ဖြစ်သူ ဒေါ်လှကျော့နုက DMG သို့ပြောသည်။

“ကျွန်မသားက သူ့အဒေါ်ရဲ့အိမ်မှာ သွားအိပ်နေတာ။ အဲဒီအချိန်မှာ တိုက်ပွဲမဖြစ်ဘဲ ဇက်သဘောၤကနေပြီးတော့ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်တယ်။ ဒါကြောင့် အိမ်မှာအိပ်နေတဲ့ ကျွန်မသားကို ကျည်ဆံလာထိသွားတာပါ ” ဟု ၎င်းကပြောသည်။

မောင်ဆန်းလှိုင်ဖြိုးတွင် ဘယ်ဘက်ခြေခုံ၌ ကျည်ဖောက်သွားပြီး လက်ရှိတွင်  စေတီပြင်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း မိသားစုဝင်များကပြောသည်။

“ကျွန်မတို့ မိသားစုက ဆင်းရဲတော့ မုန့်တီရောင်းပြီး စားနေရတာ။ အခုလို သားတစ်ယောက် ထိခိုက်သွားတော့ ကျွန်မတို့အတွက် ပိုပြီးဒုက္ခရောက်တယ်။ အခုဆိုရင် ကျွန်မ မုန့်တီဆိုင်ကိုလည်း ပြေးသွားရ၊ ဆေး ရုံသို့လည်း တစ်ခါက် ပြန်ပြေးလာရ ဖြစ်နေတယ်။ ဆိုင်ကို မရောင်းဘဲ ပိတ်ထားလို့လည်း မရဘူး။ မိသားစု စားဝတ်နေရေးကိုလည်း ငဲ့ရသေးတယ်” ဟု ဒေါ်လှကျော့နုက ဆက်ပြောသည်။

ရသေ့တောင်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက စေတီပြင်တွင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခြင်းကို ဒေသခံမှ ဖုန်းဆက်အကြောင်းကြားမှုရှိသော်လည်း သူ့အနေဖြင့် အသေးစိတ်ဖြစ်စဉ်ကို မသိရှိရသေးကြောင်း ပြောသည်။

“ လက်နက်ကျည်ကျပြီး လူငယ်တစ်ဦး ဒဏ်ရာရသွားတဲ့အတွက် စေတီပြင်ဆေးရုံမှာဆေး ကုသမှုခံယူ နေရတယ်ဆိုပြီး ရွာသားတစ်ဦးက ကျွန်မဆီကို ဖုန်းဆက်လာတယ်။ ဒေသခံတွေ ပြောတာကတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ရမ်းသမ်းပစ်ခတ်တာလို့ပြောတယ် ” ဟုဒေါ်ခင်စောဝေက ဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အလားတူ ရသေ့တောင်မြို့နယ်တွင် ယခုကိုဗစ်ကာဖြစ်သည့် ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့က ကျောက်ရံသာစည်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် တစ်နှစ်ခွဲ အရွယ်ကလေးတစ်ဦး အပါအဝင် အရပ်သားငါးဦး ဒဏ်ရာရရှိသွားခဲ့ပြီး နောက်ထပ် သြဂုတ်လ ၂၉ ရက်နေ့ကလည်း  င/စံဘော်ကျေးရွာ အတွင်းသို့လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်( AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါး ခန့်ကြာမြင့်လာနေပြီး တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများမှာလည်း တဖြည်းဖြည်း များလာနေသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...