ရထားလမ်းအတွက် သိမ်းဆည်းမြေများကိစ္စ မြောက်ဦးလယ်သမားများ သတင်းစာရှင်းလင်း

ရထားလမ်းအတွက် သိမ်းဆည်းမြေများကိစ္စ မြောက်ဦးလယ်သမားများ သတင်းစာရှင်းလင်း
by -
နိရဥ္စရာ
စစ်တွေ- အမ်း- မင်ဘူး ရထားလမ်းဖောက်လုပ်ရာ သိမ်းဆည်းခံလိုက်ရသည့် လယ်ယာမြေဧက ၄၀၀ ကျော်နှင့် ပတ်သက်ပြီး မြောက်ဦးလယ်သမားများက စစ်တွေတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

၎င်းသတင်းစာရှင်းလင်းပွဲကို စစ်တွေမြို့ မြကဖီးဆိုင်တွင် ယနေ့နေလယ်က (မတ်လ ၁၄ ရက်နေ့တွင်) ပြုလုပ်ခဲ့ပြီး မြောက်ဦးမြို့နယ် လယ်သမားများမှ သူတို့ပိုင် လယ်မြေများကို ရထားလမ်းကို အကြောင်းပြ၍ လျော်ကြေး တစ်စုံတစ်ရာ ပေးဆောင်ခြင်း မရှိဘဲ သိမ်းယူသွားခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

လယ်ယာမြေသိမ်းဆည်းခံတောင်သူများ ဥပဒေအထောက်အကူပြု ကွန်ယက် မန်နေဂျာ ဦးကျော်ထွီးက “ကျနော်တို့ သိမ်းဆည်းခံလယ်ယာမြေတွေကို ကျနော်တို့ကွင်းဆင်းတဲ့အခါမှာ ရထားလမ်း တစ်လျှောက် အနီးအနားက လယ်တွေ ဘာမှ လုပ်စားလို့မရတဲ့ အနေအထားမျိုးလို့ ပြောလို့ရပါတယ်။ လမ်းဘေး ၀ဲယာတွေမှာလည်း မြေဖို့ ရေကန်ကြီးတွေသဖွယ်တူးထားခဲ့့တော့ လယ်တွေ ထွန်ယက်စိုက်ပျိုးလို့ မရအောင်ထိ အားလုံးပျက်စီးကုန်ပါတယ်” ဟု ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် ကျေးရွာ ၁၇ ရွာမှ သိမ်းဆည်းခံတောင်သူ ၂၄၈ ဦး ၏ လက်မှတ်များရေးထိုးကာ အစီရင်ခံစာ တစ်စောင်ကို ပြည်နယ်လွှတ်တော် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သက်ဆိုင်ဌာနများနှင့် ပြည်ထောင်စု အဆင့်ထိ တင်ပြသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ဆုံးရှုံး လယ်မြေဧကမှာ စုစုပေါင်း ၄၁၅ ဒသမ ၉၄ ဧကရှိပြီး ၎င်းလယ်မြေများမှာ ၂၀၁၀ ခုနှစ်စတင်ကာ ၂၀၁၄ ခုနှစ်အတွင်း ရထားလမ်းအတွက် အသိမ်းခံခဲ့ကြရခြင်း ဖြစ်သည်။

မြောက်ဦးမြို့နယ် ထမရစ် ကျေးရွာမှ သိမ်းဆည်းခံ လယ်သမား ဦးသိန်းမောင်မှ “ကျနော်တို့က မူလ လယ်မြေတွေကို ပြန်လိုချင်ပါတယ်။ ကျနော်တို့မှာ အထောက်အထားတွေလည်း ရှိပါတယ်။ လယ်မြေတွေ သိမ်းပြီး ရထားလမ်းဖောက်လိုက်တော့ အများအပြားသိမ်းဆည်းခံရတဲ့ မိသားစုတွေက ဘဝတွေတောင် ပျက်ပြားသွားခဲ့ပါတယ်” ဟု နိရဥ္စရာသို့ပြောသည်။

ထမရစ် ကျေးရွာတွင် လယ်မြေများ အားလုံးပျက်စီးသွားခြင်းကြောင့် ကလေးများပညာရေး ဆက်လက် မသင်ကြားနိုင်တော့ပဲ လယ်သမားဘဝကနေ လယ်ကူလီဘဝ နေ့ချင်းညချင်း ပြောင်းလဲသွားရသည့် လယ်သမားများလည်းရှိကြောင်း ဦးသိန်းမောင်မှ ဆက်ပြောသည်။

လယ်ယာမြေသိမ်းဆည်းှခံရသည့် (၆) နှစ်တာအတွင်း လယ်သမားများ၏ နစ်နာဆုံးရှုံးမှုမှာ ကျပ်သိန်းပေါင်း ခြောက်ထောင်အထိ ရှိကြောင်း တောင်ဦးကျေးရွာက သိမ်းဆည်းခံလယ်သမား ဦးတင်ရွှေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

စစ်တွေ-အမ်း- မင်းဘူး ရထားလမ်း ဖောက်လုပ်သည် လောလောဆယ်တွင် ရပ်တန့်နေပြီး စီမံကိန်း ပျက်စီးသွားသည့် အနေအထားသို့ ရောက်ရှိနေကြောင်း သိရသည်။

ရထားလမ်းကြမ်း ဖောက်လုပ်စဉ် ဓညဝတီ၊ ဝေသာလီ မြို့ရိုးများကို ဖြတ်သန်း ဖောက်လုပ်သည်သာမက ရထားလမ်းကို အကြောင်းပြ၍ ရှေးဟောင်း မြောက်ဦးမြို့ ရှိ ရှေးဟောင်း ယဉ်ကျေးမှု နေရာ အများအပြားကို ဖြတ်သန်း ဖောက်လုပ်သဖြင့် ဒေသခံများ၏ ကန့်ကွက်မှုများ ရှိခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...