အစိုးရဝန်ထမ်း ၅ ဦးအား အမျိုးသား သစ္စာဖောက်ကြေညာမှုကြောင့် ဘူးသီးတောင်သားသုံးဦး ထောင်ဒဏ်/ ငွေဒဏ်ချမှတ်ခံရ

အစိုးရဝန်ထမ်း ၅ ဦးအား အမျိုးသား သစ္စာဖောက်ကြေညာမှုကြောင့် ဘူးသီးတောင်သားသုံးဦး ထောင်ဒဏ်/ ငွေဒဏ်ချမှတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် နိုင်ငံသား စိစစ်ရေး အဖွဲ့ဝင်များအား အမျိုးသား သစ္စာဖောက် ကြေညာမှုကြောင့် လူမှုရေး တက်ကြွလှုပ်ရှားသူ သုံးဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှ မတ်လ ၁၄ ရက်နေ့တွင် ပုဒ်မ ၁၉ ဖြင့် ဒဏ်ငွေ ၃ သောင်းကျပ် (သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ သုံးဦးမှာ ဦးဇော်ဝင်း၊ ဦးဦးသန်းလှိုင်နှင့် မောင်ဝင်းနိုင်တို့ ဖြစ်ကြသည်။

၂၀၁၆ ခု သြဂုတ်လ ၁၇ ရက်နေ့က ဘူးသီးတောင်မြို့ အေးစေတီ ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်၍ ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီ ၃၁ ဦးကို ဥပဒေနှင့် မညီညွတ်ဘဲ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရန် အထက်သို့ တင်ပြမှုနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် စိစစ်ရေးအဖွဲ့တွင် ပါ၀င်သူ ၅ ဦးကို အမျိုးသား သစ္စာဖေါက်အဖြစ် ကြေညာခဲ့သည်။

“ကျွန်တော်တို့ကို ပုဒ်မ ၁၉ နဲ့ ငွေဒဏ် ၃ သောင်းကျပ် (သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်ပါတယ်။ ကျွန်တော်တို့လည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတဲ့ အနေနဲ့ ငွေဒဏ် ၃ သောင်းကျပ်ကို ပေးဆောင်လိုက်ပါပြီ ”ဟု ဦးဇော်ဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ် စိစစ်ရေးအဖွဲ့တွင် ပါ၀င်သူ ၅ ဦးကို အမျိုးသား သစ္စာဖေါက်အဖြစ် သတ်မှတ်ကြေညာခြင်းခံရသဖြင့် မိသားစုများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ ဦးဆောင်သူများကို ပုဒ်မ ၁၉ ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် စိစစ်ရေးအဖွဲ့တွင် ပါ၀င်သူ ၅ ဦးကို အမျိုးသား သစ္စာဖေါက်အဖြစ် သတ်မှတ်ခြင်းသည် ပြည်သူများထံမှ ထွက်လာသည့် အသံများသာဖြစ်ကြောင်း၊ အများ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ မိမိတို့ ညွှန်ကြားခြင်းမဟုတ်ကြောင်း၊ မိမိတို့အား တရားစွဲ ပြစ်ဒဏ်ချမှတ်ခြင်းမှာ တရားမျှတမှု မရှိကြောင်း သူက ဆက်လက် ပြောကြားသည်။

“ကျွန်တော် ၁၉၈၂ ဥပဒေကို လေ့လာထားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အရင်ခေါက် ဦးသိန်းစိန် အစိုးရခေတ်မှာလည်း ကျွန်တော်က ဒီ ၈၂ ဥပဒေ နိုင်ငံသားဖြစ်မှု မြို့နယ်စိစစ်ရေးကော်မတီမှာ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ကျွန်တော် ပါခဲ့ပါတယ်။ ပါခဲ့တဲ့အချိန်မှာ အဲ့ဒီ ဘင်္ဂါလီ ၃၁ ယောက်ကို နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတွေအဖြစ် ထောက်ခံပေးခဲ့ကြတာတွေကို ကျွန်တော်တို့ စိစစ်ဖူးတယ်။ စိစစ်ခဲ့တဲ့အခါမှာ ဥပဒေနဲ့ ညီညွတ်တာ တစ်ယောက်မှ မပါပါဘူး။ အခု NLD အစိုးရ လက်ထက်မှာပဲ အဲ့ဒီ ၃၁ ယောက်ကိုပဲ ဥပဒေနဲ့ ညီညွတ်ပါတယ်၊ သူတို့ဟာ နိုင်ငံသားဖြစ်သင့်တယ်၊ နိုင်ငံသားပြု ဖြစ်သင့်တယ် ဆိုပြီးတော့ ပြည်သူတွေ မသိအောင် လျှို့ဝှက်စွာ လက်မှတ်ရေးထိုးပြီး၊ တစ်ရက်တည်းမှာ တင်ပေးလိုက်ပါတယ်”ဟု ဦးဇော်ဝင်းက ထောက်ပြ ပြောဆိုသည်။

နောက်ထပ်ပြစ်ဒဏ်ချမှတ်ခံရသူ တစ်ဦးဖြစ်သည့် ဦးဦးသန်းလှိုင်ကလည်း သူတွင် အပြစ်မရှိကြောင်း၊ သံဃာတော်များ ဖိတ်၍ အစည်းအဝေးသို့ သွားရောက်ခြင်းသာ ဖြစ်ကြောင်း၊ ဦးစီးဦးဆောင်လုပ်သူများကို ပြစ်ဒဏ် မပေးဘဲ တက်ရောက်သူများထဲမှ မိမိတို့အား ရွေးပြီး ပြစ်ဒဏ်ပေးခြင်းမှာ တရားမျှတမှုမရှိကြောင်း ပြောကြားသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...