အမ်းမြို့နယ်တွင် ပညာရေးကောလိပ်ကျောင်းသားတစ်ဦးကို တပ်မတော်သားအချို့က ရိုက်နှက်စစ်ဆေး

အမ်းမြို့နယ်တွင် ပညာရေးကောလိပ်ကျောင်းသားတစ်ဦးကို တပ်မတော်သားအချို့က ရိုက်နှက်စစ်ဆေး

နှင်းနွယ် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သြဂုတ်လ ၂၈ ရက်နေ့က ပညာရေးကောလိပ်ကျောင်းသားတစ်ဦးကို တပ်မတော်သားအချို့က ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ကာယကံရှင်ထံမှ သိရသည်။

ရိုက်နှက်ခံရသူသည် အမ်းမြို့နယ်၊ ပျဉ်းတောကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မောင်ညီညီစိုး ဆိုသူဖြစ်ပြီး ၎င်းသည် ကျောက်ဖြူပညာရေးကောလိပ်မှ (ဒုတိယနှစ်)ကျောင်းသားတစ်ဦးဖြစ်သည်။

နေ့လည် ၂ နာရီခန့်တွင် နေအိမ်၌ စကားများ၍ထွက်လာကာ တပ်ရင်း ၇၅၇ အနီးရှိ ဟင်းရွင်ဆည်၌ ထိုင်နေစဉ် အရပ်ဝတ်ဖြင့် တပ်မတော်သားသုံးဦးက လာရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် မောင်ညီညီစိုးက ပြောသည်။

“ကျနော်က အိမ်နဲ့စကားများလာတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး အမ်းတပ်ရင်းအနီးမှာရှိတဲ့ ဆည်နားမှာ ခဏထိုင်နေတဲ့အချိန် တပ်မတော်သားသုံးဦးကလာပြီးတော့ မသင်္ကာလို့ဆိုပြီး ခေါ်စစ်ဆေးတယ်။ ပြီးတော့ AA ဆိုပြီး မျက်နှာတွေကို ရိုက်နှက်လွှတ်လိုက်တယ်။ အဲဒါကို ကျနော်က တပ်ရင်းကဗိုလ်ကြီးကို သွားတိုင်တော့ ဆေးဖိုးဆိုပြီး ပိုက်ဆံသုံးသောင်းပေးပြီး ပြန်လွှတ်လိုက်ပါတယ်” ဟု ၎င်းကဆိုသည်။

ရိုက်နှက်ခံရသူက အဆိုပါကိစ္စအား ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂထံ တိုင်ကြားထားပြီး ကျောင်းသားသမဂ္ဂအနေဖြင့် နိုင်ငံတော်သမ္မတထံသို့ တိုင်စာပေးပို့ကာ ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ၏ တုံ့ပြန်ချက်အပေါ်မူတည်ကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက DMG သို့ ပြောသည်။

“ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ကတော့ ကျောင်းသားတစ်ယောက်ကို အခုလိုလုပ်လိုက်တာကို လုံးဝကန့်ကွက်ရှုတ်ချတယ်။ နောက်တစ်ချက်က သူတို့တွေက International Law (နိုင်ငံတကာ ဥပဒေ)တွေကို မသိဘူး။ သူတို့ရဲ့လိုက်နာရမယ့် စစ်စည်းကမ်းတွေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးတွေကိုလည်း နားမလည်တော့ လူတစ်ယောက်ကို သတ်ပုတ်ချင်သလို သတ်ပုတ်နေကြတယ်။ ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာကျင့်ဝတ်တွေ၊ စစ်စည်းကမ်းတွေကို လိုက်နာဖို့တောင်းဆိုပါတယ်” ဟု ၎င်းကဆိုသည်။

တက္ကသိုလ်ကျောင်းသားတစ်ဦးအား တပ်မတော်သားများက ရိုက်နှက်ခဲ့သည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်း အရပ်သားများမှာ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရမှုများ တဖြည်းဖြည်း မြင့်တက်လျက်ရှိနေသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...