ရခိုင်မှ မဲဆန္ဒရှင်စာရင်းတွင် မွတ်ဆလင် ရာဂဏန်းခန့်သာပါဝင်

ရခိုင်မှ မဲဆန္ဒရှင်စာရင်းတွင် မွတ်ဆလင် ရာဂဏန်းခန့်သာပါဝင်

မင်းထွန်း — ရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းများတွင် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်လူမျိုး ရာဂဏန်းခန့်သာပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် မွတ်ဆလင် အများအပြားနေထိုင်သော်လည်း မှတ်ပုံတင်ကိုင်ဆောင်ထားသည့် မွတ်ဆလင် ရာဂဏန်းခန့်သာ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်ကျေးရွာအုပ်စုတွင် နေထိုင်သည့်မွတ်ဆလင်များက ပြောသည်။

“လောလောဆယ်ထုတ်ပြန်တဲ့ မဲစာရင်းမှာ မောင်တောမှာရော၊ ဘူးသီးတောင်မှာရော လူရာဂဏန်းလောက်ပဲပါတယ်။ အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေရှိပေမဲ့ မဲစာရင်းမှာပါမလာဘူး” ညောင်ချောင်းကျေးရွာအုပ်စုမှ ဦးအဘူလ်ကာဟေရ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရရှိခဲ့သည့် စစ်တွေမြို့နယ်၊ သက်ကယ်ပြင်ကျေးရွာမှ မွတ်ဆလင်လူမျိုး ဦးမောင်မောင်က အခုလာမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွင် မပါလာသည့်အတွက် မဲပေးခွင့်ဆုံးရှုံးမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။

“ကျနော်တို့ဆီကို မဲစာရင်းလာကောက်သွားတယ်။ အခုတော့ မဲစာရင်းမှာပါမလာဘူး” ဦးမောင်မောင်က ပြောသည်။

ထို့ကြောင့် မွတ်ဆလင်များ ဆန္ဒမဲပေးနိုင်ရေးသည် အစိုးရအပေါ်တွင်မူတည်ကြောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းက ဆိုသည်။

“လက်ရှိအချိန်ထိ မွတ်ဆလင်တွေ မဲပေးခွင့်မရှိဘူး။ (နိုင်)ကတ်ပြား (နိုင်ငံသားစိစစ်ရေးကတ်ပြား) ရှိတဲ့သူလောက်ပဲ မဲစာရင်းမှာပါတယ်။ မွတ်ဆလင်တွေ မဲပေးနိုင်ရေးကျတော့ အစိုးရပေါ်မူတည်တယ်” ဟု ဦးကျော်မင်းကပြောသည်။

ရခိုင်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိထားသည့် မွတ်ဆလင်နှစ်ထောင်ခန့်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိနိုင်သော်လည်း နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသည့် မွတ်ဆလင် ခြောက်သိန်းခန့်မှာ မဲပေးပိုင်ခွင့်ရှိနိုင်မည် မဟုတ်ကြောင်း ဦးကျော်မင်းက ခန့်မှန်းပြောဆိုသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က မွတ်ဆလင်များ ဆန္ဒမဲပေးနိုင်ရေးနှင့်ပတ်သတ်ပြီး “မွတ်ဆလင်တွေ မဲပေးဖို့ဆိုတာက မဲစာရင်းထဲမှာပါရင် သူတို့ဟာ မွတ်ဆလင်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် မဲစာရင်းမှာပါဖို့အဓိကပဲ။ မဲစာရင်းမှာက မွတ်ဆလင်ဘယ်လောက်၊ ဗုဒ္ဓဘာသာဘယ်လောက်၊ ခရစ်ယာန် ဘယ်လောက်ဆိုတာ မဲစာရင်းမှာမပါဘူး၊ ဘာသာကိုဖော်ပြမထားဘူး။ အဲတော့ မဲစာရင်းမှာပါဖို့လိုတယ်။ ပါရင် မဲထည့်ရမယ် ဒီလောက်ပါပဲ” ဟု ပြောသည်။

လာမည့် ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းအရ သိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...